ပွင့်ဖြူမြို့နယ်တွင် လယ်ယာမြေဧက ၆၀၀ ခန့် အကျိုးပြုမည့် ကုန်ထုတ်လမ်းဖောက်လုပ်နေမှု လုပ်ငန်းအရည်အသွေး ပြည့်မီရေး တာဝန်ရှိသူများအဖွဲ့ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပွင့်ဖြူ      ဇန်နဝါရီ       ၁၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ် ဌာနခွင့်ပြုရန်ပုံငွေဖြင့် ပွင့်ဖြူ မြို့နယ် ကံဆွယ်ကျေးရွာရှိ ဒေသခံပြည်သူများ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် လယ်ယာမြေဧက ၆၀၀ အကျိုးပြုစေမည့် ကျေးလက် ကုန်ထုတ်လမ်းအား တင်ဒါစနစ်ဖြင့် Real Land ကုမ္ပဏီမှ တာဝန်ယူ ဖောက်လုပ်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးအောင်နှင့် တာဝန်ရှိသူများအဖွဲ့က လုပ်ငန်း အရည်အသွေး ပြည့်မီမှု ရှိ/မရှိနှင့် သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ၌ မကွေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးမျိုးအောင် သည် မင်းဘူးခရိုင်ဦးစီးမှူး ဦးတင့်လွင်ဦးနှင့် ဝန်ထမ်းများ ပွင့်ဖြူမြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများ ကျေးရွာလမ်းကော်မတီဝင်များ လိုက်ပါ၍ ကံဆွယ်ကျေးရွာနေပြည်သူများ (နွေ မိုး ဆောင်း) ရာသီမရွေး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက် လုပ်ကိုင် နိုင်ရေးအတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ဌာန ခွင့်ပြုရန်ပုံငွေကျပ် ၂၈ ဒသမ သန်းဖြင့် လမ်းအရှည်ပေ ၅၂၈၀ ပေ အား အကျယ် ၁၂ ပေ ထု ပေ ကိုးလက်မရှိ ကျောက်ရောမြေတင်၍ မြေနီကျောက်စရစ် အမျိုးအစား ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ယူဆောင်ရွက်သော Real Land ကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာက လတ်တလော ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက် ပြီးစီးမှုအခြေအနေနှင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းအရည်အသွေး ပြည့်မီစွာ ဆောင်ရွက်ပြီးစီးနိုင်ရေး အတွက် ဆက်လက် ဆောင်ရွက်သွားမည့်လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများက ဒေသခံကျေးလက်နေပြည်သူများ လယ်ယာစိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် အကောင်အထည်ဖော် ဆောင်ရွက်သည့် ကျေးလက်ကုန်ထုတ်လမ်းအား ရေရှည်အကျိုးပြု သွားလာအသုံးပြုနိုင်ရေး သတ်မှတ်စံချိန်စံညွှန်း များနှင့် အညီ အရည်အသွေး ပြည့်မီရန်နှင့် အချိန်မီပြီးစီးရေး ကြိုးပမ်း ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါ ကံဆွယ်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းကို တင်ဒါစနစ်ဖြင့် Real Land ကုမ္ပဏီမှ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၅ ရက်နေ့က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု ၃၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးသွားပြီ ဖြစ်ကြောင်း နှင့် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပါက ဒေသခံတောင်သူများ စိုက်ပျိုး လုပ်ကိုင်နေသည့် လယ်ယာမြေဧက ၆၀၀ ခန့်အား ရာသီမရွေး အဆင်ပြေချောမွေ့စွာ သွားလာစိုက်ပျိုးလုပ်ကိုင်နိုင်မည် ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးလှဌေးမောင် ထံက သိရသည်။

ရဲဝင်းနိုင် ( ညောင်ဦး )