သာယာဝတီ မေ ၁၁
သာယာဝတီခရိုင်/မြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကြီးကြပ်မှုကော်မတီ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ တောင်သူများနှင့် စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝးကို မေလ ၁၁ ရက်နေ့ နံနက် ၉ နာရီက သာယာဝတီမြို့၊ ဆရာစံခန်းမ၌ ကျင်းပသည်။
ဦးစွာ သာယာဝတီခရိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ထွေးက စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် အဓိကအားဖြင့် စိုက်ပျိုးရေးထုတ်ကုန်များကို အခြေခံသည့်အတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်လိုပြီး စိုက်ဧကများတိုးချဲ့ရန်၊ သီးထပ်သီးညှပ်များဖြင့် မြေလွတ်မြေလပ်မကျန် စိုက်ပျိုးမွေးမြူလုပ်ကိုင်ကြရန်၊ တစ်ဧကအထွက်နှုန်း ပန်းတိုင်ရည်မှန်းချက် ပြည့်မီကျော်လွန်အောင် လုပ်ကိုင်ဆောင်ရွက်ကြဖို့လိုကြောင်း၊ အဓိကအားဖြင့် စားရေရိက္ခာ ဖူလုံအောင်ဆောင်ရွက်၍ ပိုလျှံသည်များကို တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်ပြီး ပြည်တွင်းပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချနိုင်မည်ဖြစ်ကာ တောင်သူလိုအပ်သည့် ရေ၊ မြေ၊ မျိုးကောင်းမျိုးသန့်များနှင့် သွင်းအားစုများကို မြေပြင်ကွင်းဆင်းဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက သက်ဆိုင်ရာမြို့နယ်များအလိုက် သီးနှံစိုက်ပျိုးရန် လျာထားချက်၊ ယခင်နှစ်နှင့် စိုက်ပျိုးမှုနှိုင်းယှဉ်ချက်၊ ဧကပြည့်မှီအောင်စိုက်ပျိုးနိုင်ရေး ကွင်းဆင်းကြီးကြပ်ဆောင်ရွက်မှု၊ သီးနှံစိုက်စွမ်းအားနှင့် သီးထပ်စိုက်စွမ်းအားတိုးတက်မှုအခြေနေ၊ သီးနှံအလိုက် စံပြစိုက်ခင်းများ စိုက်ပျိုးဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာကြသော ခရိုင်/မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကြီးကြပ်မှုကော်မတီမှ ဌာနဆိုင်ရာအကြီးအကဲများက ယခင်နှစ်ကာလတူ စိုက်ပျိုးထုတ်လုပ်မှုအပေါ် နှိုင်းယှဉ်ချက်၊ မိုးသီးနှံလျာထားချက်အပေါ် စိုက်ပျိုးပြီးစီးမှု၊ တောင်သူပညာပေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု၊ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ အထွက်နှုန်းတိုးတက်ရေး နည်းပညာပေး စံပြကွက်များဆောင်ရွက်ပြီးစီးမှုများကို ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြရာ သာယာဝတီခရိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)