စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး ကလေးမြို့ရှိ စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ဒေသခံစိုက်ပျိုးရေးတောင်သူများ၊ မွေးမြူရေးလုပ်ငန်းများအား တွေ့ဆုံ

မုံရွာ မေ ၁၁

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ကလေးခရိုင်/ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် မေလ ၁၀ ရက်နံနက်ပိုင်းတွင် ကလေးခရိုင်၊ ကလေးမြို့၊ မင်္ဂလာရပ်ကွက်ရှိ ကွင်းအမှတ် ၆၆/က၊ တောင်သူ ဦးအဲလင်း စိုက်ပျိုးထားရှိသည့် ဆင်းသုခနွေစပါး ၅ ဧကအတွင်း စုပေါင်းမျိုးကွဲပယ်ခြင်း ကွင်းသရုပ်ပြသပွဲသို့ တက်ရောက်ကြသည်။

ဦးစွာ ကလေးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက ကလေးခရိုင်အတွင်းရှိ မြို့နယ်များ၌ စိုက်ပျိုးထားရှိသည့် သီးနှံများစိုက်ပျိုးထုတ်လုပ်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးက ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံရာ ဒေသခံတောင်သူများအနေဖြင့် ရာသီအလိုက် စိုက်ပျိုးသွားမည့်သီးနှံများ ပန်းတိုင် အထွက်နှုန်းရရှိရေး၊ ဆီထွက်သီးနှံနေကြာများ စိုက်ပျိုးဧကများတိုးချဲ့ စိုက်ပျိုးသွားရေး၊ ဒေသအတွင်းရှိပြည်သူများ စားရေရိက္ခာဖူလုံပြည့်ဝစေရေးအတွက် သီးထပ်စိုက်ပျိုးသွားရေး၊ မျိုးကောင်းမျိုးသန့်များနှင့် သွင်းအားစုများ ပြည့်စုံလုံလောက်စွာရရှိရေးတို့အတွက် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တာဝန်ရှိသူများနှင့် ဝိုင်းဝန်းပူး ပေါင်းဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်းပြောကြားပြီး ဒေသခံတောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက တောင်သူ ဦးအဲလင်း စိုက်ပျိုးထားရှိသည့် ဆင်းသုခမျိုးစပါး ၅ ဧကအတွင်း စုပေါင်းမျိုးကွဲပယ်ခြင်း ကွင်းသရုပ်ပြသ နေမှုအား ဒေသခံတောင်သူများနှင့် ကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ရှိသူများနှင့်အတူ ဒေသခံ တောင်သူများအား မျိုးကောင်း၊မျိုးသန့်များ၊ သွင်းအားစုများအား ပေးအပ်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလေးမြို့၊ ဖောင်ကူးကျေးရွာရှိ ပိုင်ရှင် ဦးမျိုးမင်း မွေးမြူထားရှိသည့် ဒေသနွားနှင့်နို့စားနွား မွေးမြူရေးခြံသို့ရောက်ရှိရာ ခြံတာဝန်ခံမှ ဒေသနွားနှင့်နို့စားနွားများ မွေးမြူထားရှိမှုများအား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကလေးမြို့၊ မြို့ တော်ခန်းတွင် ကျင်းပပြုလုပ်သည့် ကလေးမြို့နယ်ရှိ ဒေသခံစိုက်ပျိုးရေးတောင်သူများ၊ မွေးမြူရေးလုပ်ငန်းရှင် များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးက မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုး၊မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးစရိတ်ချေးငွေများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ချေးများရရှိအောင် သတ်ဆိုင်ရာ ဌာနဆိုင်များနှင့် ပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးသွင်းအားစုများနှင့် မွေးမြူရေးအစာများ၊ မျိုးကောင်းမျိုးသန့်များရှိအောင် ဝိုင်းဝန်းပူပေါင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ဒေသခံစိုက်ပျိုးရေး တောင်သူများ၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာများက မိမိတို့လုပ်ကိုင် ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးရမည့်လုပ်ငန်း အခြေအနေများအား ဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ကလေးမြို့၊ မဟာသန္တာရုံဘုန်းတော်ကြီးကျောင်းတိုက်သို့ရောက်ရှိရာ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်း၊ ဆန်၊ ဆီ၊ ဆားများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။           

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကလေးမြို့၊ မြို့‌တော် ခန်းမတွင်းကျင်းပပြုလုပ်သည့် ကလေးခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးက ကလေးခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ဌာနလုပ်ငန်းများအား တာဝန်ကျေပွန်စွာ ဆောင်ရွက်သွားရေး၊ ပြည်သူများနှင့်လုပ်ငန်းများ ထိတွေ့လုပ်ကိုင်ဆောင်ရွက်သည့်အခါ အဂတိတရားကင်းရှင်းစွာဖြင့် လုပ်ငန်းများဆောင်ရွက်သွားရေး၊ မိမိတို့တာဝန်ကျသည့်ကာလအတွင်း မြို့အားပိုမိုဖွံ့ဖြိုး တိုးတက်အောင် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများနှင့် MSME လုပ်ငန်းများ အောင်မြင်အောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက မိမိတို့ဌာနဆိုင်ရာများအလိုက် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေ များအား ရှင်းလင်းတင်ပြကြသည်။

ထို့်နောက် တိုင်ဒေသကြီးဝန်ကြီးချုပ်က တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)