စလင်း မေ ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးကော်မတီ၏ဦးဆောင်မှုဖြင့် ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက ရပ်ကွက်လုံးကျွတ် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးနှင့် ပိုးလောက်လမ်းနှိမ်နင်းရေး(Abate Campaign) လုပ်ငန်းများကို မြို့ပေါ်ရပ်ကွက်များတွင် စတင်ဆောင်ရွက်လျက်ရှိရာ ယနေ့မေလ ၁၁ ရက် နံနက်(၈)နာရီက မြို့ပေါ်စျေးမရပ်ကွက် အတွင်းရှိ ပြည်သူတို့၏နေအိမ်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ သည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက နေအိမ်များအတွင်းရှိ ရေတွင်း ရေကန်များကို ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်း၊ ပိုးလောက်လမ်းသေဆေး Abate ခတ်ခြင်း၊ ဘုရားညောင်ရေအိုးများအတွင်း ပိုးလောက်လန်းမရှိစေရန်စစ်ဆေးခြင်း ကျန်းမာရေးအသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်သည်။
စလင်းမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးကော်မတီ၏လမ်းညွှန်မှုဖြင့် မြို့နယ်လုံးကျွတ် ပိုးလောက်လမ်းနှိမ်နင်းရေး(Abate Campaign) ကို ရက်(၁၀၀)စီမံချက် ရေးဆွဲထားရှိပြီး ကျန်းမာရေးဝန်ထမ်းများကအဖွဲ့(၄)ဖွဲ့ခွဲ၍ တစ်အိမ်တက်ဆင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပရဟိတသမားများဖြင့် ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။
မောင်လွင်(စလင်း)