ကျွန်းလှ မေ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မိုးမြေပဲစိုက်ပျိုးသော ဒေသခံတောင်သူများ ကုန်ကျစရိတ်သက်သာပြီး လုပ်ငန်းခွင်တွင်ကျယ်စေရန်အတွက် ယနေ့နံနက်ပိုင်းက မျိုးချကိရိယာဖြင့် စိုက်ပျိုးပြသခဲ့ကြောင်း သိရသည်။
“ကျွန်းလှမြို့နယ်မှာ ဆီထွက်သီးနှံဖြစ်တဲ့ မြေပဲအဓိကစိုက်ပျိုးသော ဒေသတစ်ခုဖြစ်ပါတယ်။ အရင်က မြေပဲစိုက်ရာမှာ နေ့စားလုပ်သားငှားရမ်းပြီး စိုက်ပျိုးကြသော်လည်း အခုအခါ မျိုးစေ့ချကိရိယာ အသုံးပြုစိုက်ပျိုးကြပါတယ်။ မျိုးစေ့ချကိရိယာနဲ့ စိုက်ပျိုးခြင်းဖြင့် ကုန်ကျစရိတ်သက်သာခြင်း၊ လုပ်သားအင်အားနည်းပါးခြင်း၊ ပေါင်းသင်ရလွယ်ကူခြင်း အထွက်နှုန်းကောင်းမွန်ခြင်း စတဲ့အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်မြင့်မြင့်ရီက ပြောသည်။
ထို့နောက် ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများက မိုးမြေပဲမျိုးစေ့ချကိရိယာဖြင့် လက်တွေ့စိုက်ပျိုးနေခြင်းကို ကြည့်ရှုကြပြီး လိုအပ်သည်များ အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျွန်းလှမြိုနယ်အတွင်းရှိ လယ်ယာမြေများသည် မိုးကောင်းသောက်ဖြစ်သော်လည်း စပါးအပြင် ဆီထွက်သီးနှံမျိုးစုံ၊ ပဲမျိုးစုံ၊ ဟင်းသီးဟင်းရွက်မျိုးစုံနှင့် နှစ်ရှည်ပင်သီးနှံများ စိုက်ပျိုးကြကြောင်းသိရသည်။
မျိုးဝင်းညို ကျွန်းလှ