အင်းမမြို့တွင် အထူးကုဆရာဝန်ကြီးများနှင့်အဖွဲ့ နယ်လှည့်ကွင်းဆင်းဆေးကုသပေး

သဲကုန်း မေ ၁၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ပြည်မြို့ ကုတင် (၁၀၀၀) ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများအဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ပူးပေါင်း၍ ပြည်သူများအား လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီရရှိစေရေးနှင့် ပြည်သူများ စိုက်ထုတ်ကုန်ကျရသော ဆေးကုသမှုစရိတ်လျော့နည်းကျဆင်းစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၈ နာရီအချိန်က သဲကုန်းမြို့နယ်၊ အင်းမတိုက်နယ်ပြည်သူ့ဆေးရုံတွင် အထွေထွေရောဂါဝေဒနာခံစားနေရသော ပြည်သူများအား (အခမဲ့) ကွင်းဆင်းကုသပေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းကုသပေးရာတွင် ပဲခူးတိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှ ဒေါက်တာမေသူဇော်၊ ပြည်မြို့ခုတင် (၁၀၀၀) မှ ဒေါက်တာကေသီဝင်းမောင်ဦးဆောင်၍ နား၊ နှာခေါင်း၊ လည်ချောင်း၊ အရိုး၊ သွားနှင့်ခံတွင်း၊ သားဖွားမီးယပ်၊ မျက်စိအအထူးကုဆရာဝန်ကြီးများ၊ ကလေးအထူးကုဆရာဝန်ကြီးများနှင့် ခွဲစိတ်ဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့တို့က အင်းမမြို့အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ အထွေထွေရောဂါဝေဒနာခံစားနေရသော ဒေသခံပြည်သူစုစုပေါင်း (၄၄၃) ဦးတို့အား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ Mobile (USG) စက်ဖြင့် အခမဲ့ရောဂါရှာဖွေစစ်ဆေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် လိုအပ်သည့်ဆေးဝါးများပေးခြင်း၊ လိုအပ်သည့်ဆေးကုသမှုများ လမ်းညွှန်ပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ နယ်လှည့်ကွင်းဆင်းဆေးကုသပေးခြင်းများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးယဉ်ထွေး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဦးစိုးမြင့်အောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအုန်းသွင်နှင့် အဖွဲ့ဝင်များ၊ အင်းမမြို့အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက လာရောက်ဆေးကုသသည့် ဒေသခံပြည်သူများအားကြည့်ရှုအားပေး၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကကြောင်း သိရသည်။

ကိုကျော် (သဲကုန်း)