လိပ်သို မေ ၁၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၁ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဉီးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်းရည်ရွယ်ချက်များ၊ စာဖတ်ခြင်းသည် အသိကိုတိုးစေ၍ မှားသောအစွဲအလမ်းတွေကို ပျောက်စေနိုင်ကြောင်း၊ လူတို့သည် ကိုယ်တွေ့ဖြင့် ဘယ်အကြောင်းအရာတို့ကိုမျှ ကုန်စင်အောင်မသိနိုင်သောကြောင့် နှစ်ပေါင်းများစွာ ကြုံတွေ့ရရှိခဲ့သော လူပေါင်းများစွာတို့၏ အသိ၊ အတွေ့အကြုံများကို စု၍ရေးသားထားသော စာအုပ်များကို ဖတ်မှသာ လုံလောက်သော အသိကို ရရှိနိုင်ကြောင်း၊ စာကိုဖတ်တတ်ရုံတင်မဟုတ်ပဲ တတ်ဖို့၊ သိဖို့၊ လိမ္မာရင့်သန်ဖို့အတွက် ဖတ်ရှုသင့်ကြောင်း စာဖတ်ရှိန်မြှင့်တင်ရေးနှင့်စပ်လျဉ်း၍ အသိပညာပေးပြောကြားခဲ့သည်။
ဟောပြောပွဲအပြီးတွင် “အသိပညာဗဟုသုတကြွယ်၀ဖို့ စာအုပ်စာပေဖတ်ကြစို့” အသိပညာပေး နံရံကပ်စာစောင်အားပြသခဲ့ရာ ဒေသနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုမှတ်သား၍ သိရှိလိုသည်များအား မေးမြန်းခဲ့ကြောင်း သိရသည်။
နော်ဖလောရင်း