မကွေးတိုင်းဒေသကြီး ဆီထွက်သီးနှံအထူးဇုန် (၂) ဧရိယာအတွင်း ဆီထွက်သီးနှံများ ဖွံ့ဖြိုးတိုးတက်ရေး ရက်(၁၀၀)စီမံချက်ဖြင့် တောင်သူပညာပေးသင်တန်းနှင့် သီးနှံမျိုးစေ့များပေးအပ်ပွဲကျင်းပ

မင်းဘူး မေ ၁၁

မကွေးတိုင်းဒေသကြီး၊ ဆီထွက်သီးနှံအထူးဇုန်(၂)ဧရိယာအတွင်း ဆီထွက်သီးနှံစိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ရက်(၁၀၀)စီမံချက်ဖြင့် တောင်သူပညာသင်တန်းနှင့် သီးနှံမျိုးစေ့များပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ အချိန်က မင်းဘူးခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးငွေဆန်းက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး မြေအသုံးချရေးတာဝန်ခံ၊ မျိုးစေ့တာဝန်ခံနှင့် မင်းဘူးခရိုင်စိုက်ပျိုးရေးဦးစီးမှူးတို့မှ ဆီးထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးနှင့် သီးနှံစိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့်များ သုံးစွဲခြင်း ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းကို အသိပညာပေး ဆွေးနွေပြောကြားသည်။

ဆက်လက်ပြီး ဒုတိယတိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများက ရက်(၁၀၀)စီမံချက်ဖြင့် ဆီထွက်သီးနှံအထူးဇုန် (၂) ဧရိယာအတွင်း ဆီထွက်သီးနှံ မျိုးသန့်ပွားဆောင်ရွက်နိုင်ရေးနှင့် Seed Grower Association၊ မျိုးစေ့ထုတ်အစုအဖွဲ့လိုက်စိုက်ပျိုးမည့် တောင်သူများအတွက် နှမ်းသီးနှံ မကွေး နှမ်းနက် ၂/၁၄ မျိုးစေ့ တစ်ဧက (၂) ပြည်နှုန်းဖြင့် (၁၂၀) ဧက၊ နေကြာသီးနှံ ဆင်းရွှေကြာ-၂ မျိုးစေ့ တစ်ဧက (၄) ပြည်နှုန်းဖြင့် ဧက (၁၂၀)၊ မြေပဲသီးနှံ တွန်တာနီမျိုးစေ့ တစ်ဧက (၆)တင်းနှုန်းဖြင့် (၅) ဧက၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုက်ဆံလျှော်မျိုးစေ့ တစ်ဧက (၅) ပြည်နှုန်းဖြင့် (၆၅) ဧကစာ အတွက် မျိုးသန့်မျိုးစေ့များကို ပေးအပ်ခဲ့ပြီးနောက် ဒေသခံတောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

မကွေးတိုင်းဒေသကြီးအတွင်း၌ ၂၀၂၆-၂၀၂၇ စိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် ဆီထွက်သီးနှံအထူးဇုန်(၂)ဧရိယာတွင် ပါဝင်သည့် မင်းဘူးခရိုင်အတွင်းမှ မင်းဘူး(စကု)၊ ပွင့်ဖြူ၊ စလင်း၊ စေတုတ္တရာနှင့် ငဖဲမြို့နယ်၊ သရက်ခရိုင်အတွင်းမှ သရက်၊ မင်းတုန်း၊ မင်းလှနှင့် ကံမမြို့နယ် စုစုပေါင်း (၉) မြို့နယ်၌ ဆီထွက်သီးနှံများအဖြစ် မြေပဲ၊ နှမ်းနှင့် နေကြာသီးနှံကို စိုက်ဧကစုစုပေါင်း (၃၅၅၆၀၀) ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း ဆီထွက်သီးနှံအထူးဇုန်(၂)တာဝန်ခံ ဦးသိန်းနိုင်ဝင်းထံမှ သိရသည်။

မောင်မောင်(မင်းဘူး)