သရက်ချောင်း မေ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ နိုင်ငံတော်မှ အပန်းဖြေလေ့လာရေးခရီးစဉ်အဖြစ်စေလွှတ်ခဲ့သော လူရည်ချွန်စခန်းများမှ ပြန်လည်ရောက်ရှိလာသည့် အခြေခံပညာ(အ-ထ-က)သရက်ချောင်းကျောင်းမှ Grade-9 ကျောင်းသား မောင်ဝေယံဖြိုးအား ကြိုဆိုဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီက သရက်ချောင်း မြို့၊ အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ ၌ ကျင်းပသည်။
ရှေးဦးစွာ လူရည်ချွန် ကျောင်းသား မောင်ဝေယံဖြိုးအား မြို့နယ်ပညာရေးမှူး ဒေါ်လှအေးနှင့် ဆရာ/ဆရာမများ၊ မိဘ၊ ဆွေးမျိုးများနှင့် ရပ်မိရပ်ဖများက ထားဝယ်လေဆိပ်တွင် သွားရောက်ကြိုဆိုကာ သရက်ချောင်းမြို့နယ်သို့ပြန်လည်ရောက်ရှိလာ၍ မြို့နယ်အတွင်း၌ လှည့်လည် ဂုဏ်ပြုကြိုဆို၍ တာဝန်ရှိသူများနှင့် ရပ်မိ/ရပ်ဖများက လှိုက်လှဲစွာကြိုဆိုနှုတ်ဆက်ကာ ပန်းကုံး၊ ပန်းစည်းများဖြင့် ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။
အခမ်းအနားအားကျင်းပရာ သရက်ချောင်းမြို့နယ်၊ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက အခမ်းအနားသို့တက်ရောက်လာသူများအား အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ ပညာရေးမှူး ဒေါ်လှအေးက လူရည်ချွန်ကျောင်းသား မောင်ဝေယံဖြိုးအား ဂုဏ်ပြုချီးမြှင့်စကားပြောကြားခြင်း၊ (အ-ထ-က)သရက်ချောင်း လူရည်ချွန် ကျောင်းသားဟောင်း ဒေါက်တာဦးစိုးသိန်းနှင့် (အ-ထ-က)သရက်ချောင်းကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာမာကြူတို့က လူရည်ချွန်ကျောင်းသား မောင်ဝေယံဖြိုးအား ဂုဏ်ပြုမင်္ဂလာစကားပြောကြားခဲ့သည်။
ထို့နောက် (အ-ထ-က)သရက်ချောင်းကျောင်း၏ ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ (၅)ဆက်မြောက်လူရည်ချွန်ဆုရှင် မောင်ဝေယံဖြိုးအား တာဝန်ရှိသူများ၊ မိဘများ၊ ရပ်မိ/ရပ်ဖများက ဂုဏ်ပြု ဆုငွေ၊ ပန်းစည်း၊ ပန်းကုံးများကို ချီးမြှင့်ပေးခဲ့ပြီးနောက် လူရည်ချွန် ကျောင်းသား မောင်ဝေယံဖြိုးက တက်ရောက်လာသူများအား နိုင်ငံတော်မှ အပန်းဖြေလေ့လာရေးခရီးစဉ်အဖြစ်စေလွှတ်ခဲ့သော ဗဟုသုတအတွေ့အကြုံများအား ပြန်လည်ဝေမျှပြောကြားခြင်းနှင့် အခမ်းအနားသို့ တက်ရောက်လာသူများအားကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)