ပခုက္ကူ မေ ၁၁
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ စီမံချက်လုပ်ငန်းများစီမံခန့်ခွဲရေးယူနစ်မှဖွင့်လှစ်သော ကျောင်းအခြေပြုဘေးအန္တရာယ်လျော့ပါးရေး နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။
ရှေးဦးစွာ ပခုက္ကူမြို့နယ် ပညာရေးမှူးရုံးတာဝန်ခံဆရာကြီး ဦးဝဏ္ဏကြိုင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ပခုက္ကူမြို့၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ စီမံချက်လုပ်ငန်းများစီမံခန့်ခွဲရေးယူနစ်မှ မန်နေဂျာ ဆရာမ ဒေါ်သီတာထွန်းမှ သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်များအားရှင်းလင်းရာဆွေးနွေးရာတွင် ကျောင်းဘေးအန္တရာယ်လျော့ချရေးဆိုင်ရာစီမံချက်များ ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ဘေးအန္တရာယ်လျော့ချရေးဆိုင်ရာအသိပညာ/အတတ်ပညာများအား ဘဝတူဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား ပြန်လည်လက်ဆင့်ကမ်းဖြန့်ဝေနိုင်ရန်၊ ကျောင်းသား/ကျောင်းသူများပါဝင်လာပြီး အချင်းချင်းမျှဝေခြင်းနှင့်ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းများရရှိလာစေရန်၊ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆက်လက်လုပ်ဆောင်သွားနိုင်ရန်တို့ကို ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို သင်တန်းသား ဆရာ/ဆရာမ ၃၀ ဦးအား မေလ ၁၁ ရက်နေ့မှ မေလ ၁၅ ရက်နေ့အထိ ၅ ရက်တိုင်တိုင် ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများအား စာတွေ့၊ လက်တွေ့ပို့ချသွားမည်ဖြစ်ပြီး သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပခုက္ကူမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်းဘေးအန္တရာယ်စီမံခန့်ခွဲမှုဌာနမှ သင်တန်းနည်းပြများ၊ ပခုက္ကူခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ စီမံချက်ဝန်ထမ်းများနှင့် သင်တန်းသူ/သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မယ်ခွေ