အုတ်တွင်း မေ ၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ကြက်ခြေနီအသင်းခွဲနှင့် ခင်တန်းကျေးရွာ၊ ဘဝအဖော်မွန်စာကြည့်တိုက်ကော်မတီတို့ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား/ကျောင်းသူများအား ဘေးအန္တရာယ်ဖြစ်နိုင်ခြေ သိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူနေထိုင်တတ်စေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောခြင်းနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို မေလ ၃ ရက် နံနက်ပိုင်းက ဘဝအဖော်မွန်စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးခင်မောင်ချိုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲ ဒုတိယတပ်ဖွဲ့မှူး ဒေါ်ခင်ဖုန်းမြင့်က အန္တရာယ်ဖြစ်နိုင်ခြေ သိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူနေထိုင်ခြင်း အကြောင်းအရာများအား အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ ကျောင်းသား/ကျောင်းသူ(၃၂)ဦးအား အန္တရာယ်ဖြစ်နိုင်ခြေ သိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူနေထိုင်ခြင်းနှင့်ပတ်သက်၍ ဆေးရောင်ခြယ်ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့ပြီး၊ ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများကို တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခြင်းနှင့် ဆေးရောင်ခြယ်ဘူးများ အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများကိုလည်း ဗလာစာအုပ်များ လက်ဆောင်အဖြစ် ပေးအပ်ခဲ့ကြောင်း မြို့နယ်ကြက်ခြေနီအသင်းခွဲ၊ ဒုတိယတပ်ဖွဲ့မှူးထံမှ သိရသည်။
ခင်ခင်မာ (ပြန်/ဆက်)