ထန်းတပင်မြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းနှင့် UID ကတ်ထုတ်ပေးခြင်း ဆောင်ရွက်

ထန်းတပင် (ပဲခူး) မေ ၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းနှင့် UID ကတ်ထုတ်ပေးခြင်းကို မေလ ၁ ရက် နံနက် ၉ နာရီအချိန်က နတ်ရွာကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအားဖိတ်ခေါ်၍ မြို့နယ်သီရိမင်္ဂလာခန်းမတွင် နေ့ချင်းပြီးဆောင်ရွက်ပေးခဲ့သည်။

ဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်အောင်က အဖွင့်အမှာစကားပြောကြားပြီး လူဝင်ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီမှူး ဦးသက်မြင့်ဦးက နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရခြင်းအကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လူဝင်ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီမှူးနှင့် ဝန်ထမ်းများက ကျေးရွာအုပ်စုအတွင်းရှိ အသက်(၁၀)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား လိုအပ်သော စာရွက်စာတန်းအထောက်အထားများဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား နေ့ချင်းပြီးဆောင်ရွက်ပေးခြင်းနှင့် ပြုလုပ်ပေးခြင်း၊ Biometric  UID ကတ်များအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)