ဂန့်ဂေါ မေ ၁၁
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာပေချစ်မြတ်နိုးသူများအဖွဲ့နှင့်ပူးပေါင်း၍ စာရေးဆရာ လယ်တွင်းသားစောချစ်၏ “ပန်းလိုချင် အပင်ကိုပျိုးတတ်မှ” စာအုပ်ဖြင့် လူငယ်စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပသည်။
ဦးစွာ စာပေချစ်မြတ်နိုးသူများအသင်း (Book Club)ဥက္ကဋ္ဌ ဦးအောင်စိုးမင်းက စာဖတ်ဝိုင်းကျင်းပရခြင်းနှင့်စပ်လျဉ်း၍ လူငယ်များအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် မှန်ကန်သောအတွေးများ၊ မှန်ကန်သောအမြင်များရှိလာပြီး မှန်ကန်သောလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေးနှင့် လူမှုဝန်းကျင်နဲ့မိသားစုအတွင်း တာဝန်ယူမှုရှိပြီး စိတ်ဓာတ်နှင့်အကျင့်စာရိတ္တများ ပိုမိုကောင်းမွန်လာစေရန်ရည်ရွယ်ပြီး ကျင်းပရခြင်းဖြစ်ကြောင်းပြောကြားကာ စာရေးဆရာ လယ်တွင်းသားစောချစ်၏ “ပန်းလိုချင် အပင်ကို ပျိုးတတ်မှ ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကိုဆက်လက်ကျင်းပရာ တက်ရောက်လာကြသူများက အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ လူငယ်စာဖတ်ဝိုင်းသို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးနေမျိုးသူရ၊ စာပေချစ်မြတ်နိုးသူများအသင်း (Book Club)ဥက္ကဋ္ဌ ဦးအောင်စိုးမင်းနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၂၁)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မောင်မျိုးမင်း(ပြန်ဆက်)