စေတုတ္တရာ မေ ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အများပြည်သူတို့၏ အခြေခံလိုအပ်ချက်များကိုရှေးရှု၍ ဝန်ဆောင်မှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိရာ အစိုးရအသစ်၏ ပထမရက် ၁၀၀ ကာလစီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ခြင်ပြစ်ကိုင်းကျေးရွာသို့သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမိုးတင်က လွှတ်တော်နှင့်ပတ်သက်၍ မိတ်ဆက်ပြောကြားပြီး လွှတ်တော်ဆိုင်ရာကိစ္စရပ်များကို ပြည်သူများအားချပြရှင်းလင်း ပြောကြားသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟိန်းထက်အောင်က ရပ်ရွာတည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးရေး၊ ကျေးရွာမြေငှားဂရန်ထုတ်ပေးရေးကိစ္စရပ်များကို ပြည်သူများအားချပြရှင်းလင်းပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းနိုင်က တရားဥပဒေစိုးမိုးရေးကိစ္စရပ်များ၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ကျေးရွာမြေငှားဂရန်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာ ပြည်သူများကသိလိုသည်များကိုမေးမြန်းခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမှ ပြန်လည်ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။
စေတုတ္တရာမြို့နယ်တွင် ပထမရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေး ခြင်ပြစ်ကိုင်းကျေးရွာမှ မြေကွက်(၈၄)ကွက်၊ လူဦးရေ(၃၂၀)ဦးအတွက် ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆန်းကိုကို(ပြန်/ဆက်)