ရေနံချောင်း မေ ၁၁
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် လုပ်ငန်းညှိနှိုင်းတွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဝင်းမော်ထွန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှထွေး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဝင်း၊ ဦးထွန်းနိုင်စိုးတို့က အသီးသီးမိတ်ဆက်အမှာစကားများပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇင်ဦးက မြို့နယ်ဒေသဖွံ့ဖြိုးရေးဆိုင်ရာအချက်အလက်များနှင့် ရက်(၁၀၀)စီမံချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက် ၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ်အတွင်းဆောင်ရွက်မည့် ပြည်သူ့အကျိုးပြုဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ရက်(၁၀၀)အတွင်းအကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းများနှင့်လိုအပ်ချက်များကို သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများကတင်ပြဆွေးနွေးကြရာ တင်ပြချက်များအပေါ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဝင်းမော်ထွန်းက ပြန်လည်ဖြေကြားဆွေးနွေးကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲအခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းမျာ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်းသိရသည်။
ကိုစိုးကြီး