လိပ်သို မေ ၁၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အလယ်ချောင်းအောက်ကျေးရွာတွင် ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူရှင်များနှင့် ကျေးရွာသူ၊ ကျေးရွာသားများစုပေါင်း၍ အနာဂတ်အလင်းတန်း စာကြည့်တိုက်ဖွင့်ပွဲနှင့် စာဖတ်ရှိန်မြှင့်တင် ရေး၊ စာအုပ်လှူဒါန်းပွဲကို မေ ၁၀ ရက်နေ့ နံနက် ၁၁ နာရီက အလယ်ချောင်းအောက် ကျေးရွာစာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ Rev.Fr သိန်းမောင်က စာကြည့်တိုက်အား အဖွင့်ဆုတောင်းမေတ္တာဖြင့် ကောင်းချီးမင်္ဂလာပေးခဲ့ပြီး မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်နှင့် မြို့မိမြို့ဖ ဦးစောဂျေအေဝင်းမြင့်တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်က အနာဂတ်မျိုးဆက်သစ်လူငယ်များဖြစ်သည့် လူငယ်တိုင်း စာဖတ်လာစေရေးအတွက် စာဖတ်သည့်အလေ့အထများ ရှိလာစေရန် အဓိကထား လုပ်ဆောင်ရမှာဖြစ်ကြောင်း၊ စာဖတ်ခြင်းသည် တီထွင်ဖန်တီးမှု၊ အသိ ဉာဏ်ပညာ ဗဟုသုတတိုးပွားလာစေပြီး၊ ကိုယ်ကျင့်တရားနှင့် စိတ်ဓာတ်မြင့်မားမှုတို့ကိုရရှိစေ၍ ကျောင်းသား လူငယ်တို့အတွက် အဖိုးတန်အရည်အသွေးများဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့မိမြို့ဖမှ ယနေ့လူငယ်တို့သည် ဗီဒီယိုဂိမ်းကစားခြင်းတို့ကို စာအုပ်တစ်အုပ်ဖတ်ခြင်းထက် ပိုမိုခုံမင်နှစ်သက်လာနေကြောင်း၊ လူကြီးမိဘတို့ကလည်း မိမိတို့သားသမီးများ စာဖတ်သည့် အလေ့အထ အားကောင်းလာစေရေးအပေါ် အလေးနက်ထားစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ကျေးရွာစာကြည့်တိုက်များ ပုံမှန်ဖွင့်လှစ်ပေးစေလိုကြောင်း၊ စာကြည့်တိုက် အားလုံးရေရှည် ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စာကြည့်တိုက်ကော်မတီဝင်နှင့် စာကြည့်တိုက်မှူးများ အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့အုပ်ချုပ်ရေးမှူးမှ ကျေးရွာစာကြည့်တိုက်အတွက် စာအုပ်များအား ပေးအပ်လှူဒါန်းရာ စာကြည့်တိုက်မှူးက လက်ခံရယူခဲ့ပြီး ကျေးရွာနေပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြား၍ အခမ်အနားအား ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
နော်ဖလောရင်း