သရက်ချောင်း မေ ၁၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ခုဘဏ္ဍာရေးနှစ်တွင် ဖွင့်လှစ်ဆောင်ရွက်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု စိုက်ပျိုး ရေးဆိုင်ရာအလေ့အကျင့်ကောင်း (GAP) သင်တန်းဆင်းပွဲအခမ်းအနားကို မေလ ၁၀ ရက်နေ့က သရက်ချောင်းမြို့၊ စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကောင်းမြတ်ထက်က သင်တန်းသား၊ ကျောင်းသူများအား အဆိုပါသင်တန်းမှရရှိသော စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်များဖြင့် မိမိတို့စိုက်ပျိုးမည့် သီးနှံများအတွက်နည်းမှန်/လမ်းမှန် စိုက်ပျိုးရန် လိုအပ်ကြောင်း၊ သင်တန်းမှ ပို့ချသောနည်းပညာများဖြင့် မိမိတို့လယ်ယာမြေ၊ ဥယျာဉ်ခြံများတွင် သီးနှံစိုက်ပျိုးရာတွင် တစ်ဧက အထွက်နှုန်းတိုး၍ မိသားစု စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေတိုးလာမည်ဖြစ်ကြောင်း စသည့် အကြောင်းအရာများဖြင့် အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းက သင်တန်းတွင်ပို့ချသော စိုက်ပျိုးရေးနည်းပညာများသင်ကြားပေးရာတွင် စိတ်ဝင်စားတွင် စနစ်တကျလေ့လာမှတ်သားကြသည့် သင်တန်းသား၊ ကျောင်းသူများအား ကျေးဇူးတင်စကား ပြောကြားပြီးနောက် သင်တန်းသား၊ ကျောင်းသူများနှင့် အမှတ်တရမှတ်တမ်းဓာတ်ပုံရိုက်ကူးကာ အခမ်းအနားရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)