ပဲခူး မေ ၁၁
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားလူငယ်များအတွက်" အခြေခံစက်ချုပ်သင်တန်း" ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးလူငယ်စင်တာခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းသားလူမျိုးများရေးရာဝန်ကြီး ဦးစောလင်းအောင်က ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားလူငယ်များအနေဖြင့် ဘဝရပ်တည်မှုအတွက် ခိုင်မာတဲ့အသက်မွေးဝမ်းကျောင်းပညာရပ် ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားဖို့လိုအပ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေနဲ့ တိုင်းရင်းသားလူငယ်များရဲ့ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး၊ မိသားစုအပိုဝင်ငွေရှာဖွေနိုင်စေရေး၊ တိုင်းရင်းသားဒေသများရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဦးစားပေးကဏ္ဍတစ်ခုအနေနဲ့ သတ်မှတ်ဆောင်ရွက်နေတဲ့အတွက် ယခုစက်ချုပ်သင်တန်းကို အကောင်အထည်ဖော်ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ သင်တန်းသား / သူများအနေနဲ့ သင်တန်းကာလအတွင်း နည်းပြဆရာမတွေ သင်ကြားပေးမဲ့ဘာသာရပ်တွေကို စိတ်ပါဝင်စားစွာနဲ့ ဂရုတစိုက်လေ့လာသင်ယူကြဖို့ တိုင်းရင်းသားလူငယ်အချင်းချင်း တစ်ဦးနဲ့တစ်ဦး ချစ်ခင်ရင်းနှီးစွာဖြင့် အတွေ့အကြုံဗဟုသုတများကို အတူတကွ နှီးနှောဖလှယ်သွားကြပါလို့ တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလင်းအောင်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ အခမ်းအနားတက်ရောက်လာကြသူများက အခြေခံစက်ချုပ်သင်တန်းအတွက် ခင်းကျင်းပြသထားသော သင်ထောက်ကူပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
အဆိုပါ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားလူငယ်များအတွက် "ဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်းအား မေလ (၁၁) ရက် နေ့မှ (၃၀) ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသား / သင်တန်းသူ (၂၀) ဦးတက်ရောက်ကာ သင်တန်းနည်းပြဆရာ / ဆရာမများက အခြေခံလက်ပြတ် (ရင်စေ့)၊ ခေါင်းစွပ် လက်ပြတ်၊ ရင်စေ့လက်ဆက်၊ ရင်ဖုံးလက်ဖောင်း၊ ဂျပန်ကော်လံထောင်၊ နောက်ကွဲဇစ် (ပုံစံအမျိုးမျိုး)၊ စတစ်ကော်လံ (လက်ဖောင်း (သို့) ရိုးရိုးလက်) ၊ ဟာဝေယံရှပ်၊ ညဝတ်ဘောင်းဘီ၊ ချိတ်ထမီ၊ သုံးလွှာစကပ်စသည်တို့ကို စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)