ခမောက်ကြီးမြို့၌ နိုင်ငံတော်မှချီးမြှင့်သည့် သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ တိလောကာရုံကျောင်းတိုက်ဆရာတော်အား ဂုဏဝိသိဋ္ဌပူဇော်ပွဲကျင်းပ

ခမောက်ကြီး မေ ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ၂၀၂၆ ခုနှစ်(၁၃၈၇)ခု၊ ဇန်နဝါရီလ(၄) ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှ ချီးမြှင့်သည့်သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ တိလောကာရုံ ကျောင်းတိုက်ဆရာတော်အား ဂုဏဝိသိဋ္ဌပူဇော်ပွဲအခမ်းအနားကို မေလ(၁၀)ရက်နေ့၊ ညနေပိုင်းက ခမောက်ကြီးမြို့၊တိလောကာရုံကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ဂုဏဝိသိဋ္ဌပူဇာသဘင်အခမ်းအနားအား နမောတဿသုံးကြိမ် ဘုရားကန်တော့ရွတ်ဆို ဖွင့်လှစ်၍ “ထူးမခြားနားဘွဲ့သီချင်းဖြင့် မြတ်စွာဘုရားရှင်အား ရောင်ခြည်တော်ဖွင့် ပူဇော်သည်။

ယင်းနောက် ဧည့်ပရိသတ်တို့က ရွှေပြည်သာကျောင်းတိုက်ဆရာတော် အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူ‌၍ ဩဝါဒကထာနာယူကြပြီး သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ တိလောကာရုံကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော်ဘဒ္ဒန္တအာဒိစ္စဝံသ၏ ထေရုပ္ပတ္တိ ကထာအား ဗာကုလာရာမကျောင်းဆရာတော်က ဖတ်ကြားလျှောက်ထားသည်။ယင်းနောက် တေးသံရှင်ရွှေနန်းထက်က ထုတိဩဘာမင်္ဂလာရတုပိုဒ်စုံဖြင့် ပူဇော်၍ မြိတ်မြို့ ပရည်တောင် ဆရာတော်မှ ထပ်ဆင့်ပူဇော်မြတ်ဆရာတော် ထုတိဝေဒလ္လဂါထာ ရွတ်ဆိုပူဇော်သည်။ ယင်းနောက် အမှတ် (၃၀၃) တပ်ရင်းမှူးကသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်အား ပြန်ကြားပူဇော်၍ ဂုဏဝိသိဋ္ဌဆရာတော်အား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် တေးသံရှင်ရွှေနန်းထက်က ရှစ်‌ဆယ်ပေါ် တေးထပ်ဖြင့်ပူဇော်၍ ခရိုင်သာသနာရေးမှူးမှ သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ယင်းနောက် မေတ္တာစာရီအဖွဲ့မှ ဂုဏဝိသိဋ္ဌဆရာတော်၏ ထေရုပ္ပတိရှစ်လုံးဘွဲ့ ကဗျာဖြင့် ရွတ်ဆိုပူဇော်၍ သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများဆက်ကပ်ခဲ့ပြီး ဘွဲ့ရဆရာတော်မှ ကျေးဇူးတင်ဝမ်းမြောက်ကထာ မြွက်ကြားသည်။

ထို့နောက် ပူဇော်ပွဲ ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌမှ မတည်အလှူရှင်များအား အနုမောဒနာဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ မြိတ်မြို့၊ငွေပုလဲဆရာတော်မှ ဆုတောင်းပန်ခြွေအမျှဝေ ဂါထာဖတ်ကြားပူဇော်၍ ရွှေပြည်သာကျောင်းတိုက်ဆရာတော်အရှင်ပါမောက္ခထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ခမောက်ကြီး (ပြန်/ဆက်)