ပန်းတနော် မေ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြေဆီလွှာအာဟာရဓာတ် ဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က ဆုတောင်းပြည့်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၅၂၈)ရှိ တောင်သူဦးအေးငြိမ်း၏ လယ်ကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းသန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးမင်းကျင်စံတို့ တက်ရောက်ခဲ့ကြပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြသည်။
အခမ်းအနားတွင် တာဝန်ရှိသူများက သစ်စိမ်းမြေဩဇာ စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာအတွင်း နိုက်ထရိုဂျင်ဓာတ်ရရှိနိုင်မှုနှင့် သီးနှံအထွက်နှုန်း ကောင်းမွန်စေမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် ဒေသခံတောင်သူများထံသို့ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့များကို တာဝန်ရှိသူများက လက်ဝယ်အရောက် အသီးသီးပေးအပ်ခဲ့ကြသည်။
ယခုကဲ့သို့ ပိုက်ဆံလျှော်မျိုးစေ့များ ပေးအပ်စိုက်ပျိုးခြင်းဖြင့် တောင်သူများအနေဖြင့် ဓာတ်မြေဩဇာ သုံးစွဲမှုကို လျှော့ချနိုင်ပြီး သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်သော စိုက်ပျိုးရေးစနစ်ကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)