မော်လိုက်မြို့၌ အခြေခံစက်ချုပ်နည်းသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

မော်လိုက် မေ

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ ဒေသခံပြည်သူများ၊ လူငယ်လူရွယ်များ ကျွမ်းကျင်သောစက်ချုပ်တတ်သူများဖြစ်ထွန်းလာစေရန်၊ စက်ချုပ်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်ရန်၊ တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေရရှိစေရန်စသည့်ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်သောအခြေခံစက်ချုပ်နည်းသင်တန်ဖွင့်ပွဲအခမ်းအနားကို မေလ ၅ ရက်နေ့ နံနက် (၉) နာရီအချိန်က ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဉက္ကဋ္ဌ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

 ရှေးဦးစွာ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဉက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေထွန်းအောင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးလမင်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံ များရိုက်ကူးခဲ့ကြသည်။

အဆိုပါသင်တန်းကို (၅-၅-၂၀၂၆) ရက်နေ့မှ (၄-၆-၂၀၂၆) ရက်နေ့အထိ တစ်လအကြာ သင်ကြားပို့ချခဲ့ပြီး သင်ကြားသည့်ဘာသာရပ်များမှာ စက်ချုပ်သင်တန်းသုံးပစ္စည်းများ ကိုင်တွယ်အသုံးပြုပုံနှင့် အခြေခံချုပ်ရိုးများချုပ်နည်း၊ အခြေခံစက်နင်းနည်း၊ကိုယ်တိုင်းနည်း၊ Patternဆွဲ နည်း၊ ကလေးအင်္ကျီ/ရင်ဆက်/ခါးဆက်ဂါဝန်ချုပ်နည်း စသည့်ချုပ်လုပ်နည်း (၁၄) နည်းကို သင်တန်းသူ (၂၀) ဦး တို့ကို စာတွေ့ (၃၀%) လက်တွေ့ (၇၀%) သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုထက်(ပြန်/ဆက်)