ချောက် မေ ၁၁
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ အစိုးရသစ်လက်ထက်ရက်(၁၀၀)စီမံချက်ဖြင့် အခွန်ထမ်းလုပ်ငန်းရှင်များအား တည်ဆဲအခွန်ဆိုင်ရာဥပဒေများ၊ ပြေစာများပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာပြဌာန်းချက်များနှင့်စပ်လျဉ်းသည့် အခွန်ဆိုင်ရာအသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်၁၀နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးသန်းလှိုင်နှင့် မြို့နယ်အခွန် ကောက်ခံမှုအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်တို့က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အခွန်ဦးစီးဌာနမှူး ဒေါ်ညိုလဲ့ဖြူက ပြည်တွင်းအခွန်များဦးစီးဌာန ရည်ရွယ်ချက်နှင့်လုပ်ငန်းတာဝန်များ၊ တည်ဆဲအခွန်ဆိုင်ရာဥပဒေများ၊ ကျသင့်ကုန်သွယ်လုပ်ငန်းခွန်၊ အခွန်အမှတ်တံဆိပ်သတ်မှတ်ချက်၊ ပြေစာများပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာပြဌာန်းချက်များ၊ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရာတွင် လိုက်နာရမည့်အချက်များနှင့် အခွန်ပျက်ကွက်မှုများအတွက် ပြစ်ဒဏ်များစသည့်အကြောင်းအရာများကို အသေးစိတ်ရှင်းလင်းဆွေးနွေးပြီးနောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးဇော်နိုင်လင်းက စည်ပင်သာယာရေးဆိုင်ရာအခွန်အခများအကြောင်း ရှင်းလင်းပြောကြားသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းရှင်များ(၉၀)ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသော အခွန်ထမ်းလုပ်ငန်းရှင်များ၏ သိရှိလိုသောမေးမြန်းချက်များအပေါ်တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပေးခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)