ကျွန်းစု မေ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ထုတ်ပေးရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာနေပြည်သူများအား တွေ့ဆုံဆွေးနွေး၍ မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ကျွန်းစုမြို့၊ ကပကျေးရွာ အုပ်စု၊ ပရည်ကျွန်းကျေးရွာတွင် ဆောင်ရွက်သည်။
ဦးစွာ ကျေးရွာမြေငှားဂရန်ထုတ်ပေးရေး မြို့နယ်လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းက ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေးစီမံချက်အရ ကျေးရွာနေပြည်သူများ၏ နေထိုင်အသုံးပြုလျက်ရှိသော မြေများအား ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ကျေးရွာမြေငှားဂရန်ရရှိရေး ဆောင်ရွက်ပေးမည့် လုပ်ငန်းစဉ်များ၊ ရရှိလာမည့်အကျိုးကျေးဇူးများ၊ ကျေးရွာမြေငှားဂရန်ထုတ်ပေးရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများ၊ ပြည်သူများဘက်မှ ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာနေ ရွာသူ/ရွာသားများက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် ကျေးရွာမြေငှားဂရန်ထုတ်ပေးရေး မြို့နယ်လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းနှင့် အဖွဲ့ဝင်များက ကျေးရွာမြေငှားဂရန်ထုတ်ပေးရေးအတွက် မြေပိုင်ဆိုင်မှုစာရင်း ကောက်ယူနေမှုနှင့် မြေတိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို မြေပြင်ကွင်းဆင်းကြည့်ရှုကာ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)