မြို့သစ်မြို့၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ် ငန်းများဆောင်ရွက်

မြို့သစ် မေ ၁၁

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများပလတ်စတစ်အိတ်လျော့နည်းသုံးစွဲစေရန်ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး၊ မြို့မဈေးအတွင်းဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ်ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေးအသိပညာပေးCampaign နှင့် အင်ဖက်များအခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက မြို့မဈေးအတွင်း ဆောင်ရွက်သည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များက ဈေးရောင်းဈေးဝယ်ပြည်သူများအား ဈေးဝယ်ယူရာတွင်လက်ဆွဲခြင်းများ၊ ထည့်စရာယူဆောင်လာရန်အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် အင်ဖက်၊ စက္ကူအိတ်များအခမဲ့ဖြန့်ဝေကာ ပလတ်စတစ်အိတ် ကြွပ်ကြွပ်အိတ် အသုံးပြုမှုလျှော့ချရေး အသိပညာပေးပြောကြားခဲ့သည်။

ထိုသို့ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အင်ဖက်များအခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို အပတ်စဥ်တနင်္လာ နေ့တိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူတစ်ဦးထံက သိရသည်။

သန်းဝင်းထွန်း (ပြန်ဆက်)