ဗန်းမောက်-နန်းခမ်း-ဝန်းသိုမြို့နယ်ချင်းဆက် တောင်ကျောင်းချောင်းကူး သံကူကွန်ကရစ်တံတား တည်ဆောက်ရန် ပန္နက်တင်အခမ်းအနားပြုလုပ်

ဗန်းမောက်၊ ဇန်နဝါရီ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာန (ပြည်ထောင်စု) ရန်ပုံငွေဖြင့် ဗန်းမောက်-နန်းခမ်း-ဝန်းသိုမြို့နယ်ချင်းဆက်လမ်းပေါ်ရှိ ကန်တော်ကျေးရွာအုပ်စုနှင့် မင်းကုန်းကျေးရွာကြား‌ တောင်ကျောင်း ချောင်းကူး (၂၀၀)ပေ သံကူကွန်ကရစ်တံတား တည်ဆောက်နိုင်ရန်အတွက် ပန္နက်တင်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပန္နက်တင်အခမ်းအနားတွင် မြို့နယ်အမှတ်(၁)တိုင်း‌ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းရွှေ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးအေးမင်း၊ ဒုရဲမှူးသန်းစိုး၊ နယ်စပ်ဒေသနှင့်တိုင်း ရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်မြင့်ထွန်း နှင့် မြို့နယ်ဌာဆိုင်ရာတာဝန်ရှိသူ များက သတ်မှတ်ထားသောနေရာများ၌ ပန္နက်ရိုက် မင်္ဂလာ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ ဆက်လက်၍ တံတား ချဉ်းကပ်လမ်းအတွက် မြေနေရာများ လိုက်လံကြည်ရှု စစ်ဆေး ပေးခဲ့ကြသည်။

အဆိုပါ တောင်ကျောင်းချောင်းမှာ မိုးတွင်းကာလတွင် တောင်ကျရေများကြောင့် ရေကြီးခြင်း ဖြစ်ပေါ်လာပါက မော်တော်ယာဉ် ကြီးများနှင့် မော်တော်ဆိုင်ကယ်များ ကျောက်တုံး‌ကျောက်ဆောင် များထူထပ်သဖြင့် ဖြတ်သန်း သွားလာရန် အခက်အခဲများစွာ တွေ့ကြုံရပြီး အဆင်ပြေစွာသွားလာနိုင်‌ရေးအတွက် (၂၀၀)ပေ သံကူကွန်ကရစ်တံတားကြီးတည်ဆောက်ပြီးစီးသွားပါက တန်(၃၀)အထိခံနိုင်ဝန်အားရှိ မည်ဖြစ် ကြောင်း နွေ၊ မိုး၊ ဆောင်းရာသီမရွေးဖြတ်သန်းသွားနိုင်မည့်အပြင် အဆိုပါ သံကူကွန်ကရစ်တံတားပြီးစီးသွားပါက ဗန်းမောက် မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများအတွက် လူမှုရေး၊ ကျန်းမာ‌ရေး၊ ပညာရေး၊ စီးပွားရေး ကုန်စည်စီးဆင်းမှုအဆင်ပြေချောမွေ့ စေမည့်အပြင် မြို့နယ်ချင်း ဆက်စပ်လျက်ရှိသည့် ဝန်းသိုမြို့နယ်သို့ အချိန်တိုအတွင်း ကုန်စည်စီးဆင်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မြင့်ထွန်းထံမှ သိရသည်။

ဗန်းမောက်-နန်းခမ်း-ဝန်းသိုလမ်းပိုင်းပေါ်ရှိ ကန်တော်ကျေးရွာအုပ်စုနှင့် မင်းကုန်းကျေးရွာ ကြား တောင်ကျောင်းချောင်းကူး သံကူကွန်ကရစ်တံတား အရှည်ပေ(၂၀၀)၊ အကျယ်(၁၄)ပေ၊ တံတားအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာ‌ရေးနှစ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ (ပြည်ထောင်စု) ရန်ပုံငွေ (၄၁၃ ဒသမ ၅၀၀)သန်းဖြင့် တင်ဒါ အောင်မြင်သည့် Augusta ကုမ္ပဏီက တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စွာ(ဗန်းမောက်)