သဲကုန်း ဇန်နဝါရီ ၁၆
ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား မကြာမီကာလအတွင်း အသစ်ပြန်လည်ရွေးချယ် ဆောင်ရွက်တော့မည်ဖြစ်ရာ ရွေးချယ်ရေးလုပ်ငန်း များတွင် အဆင်ပြေချောမွေ့စေရေးနှင့် အသစ်ပြင်ဆင်ပြဌာန်းထားသော ဥပဒေ၊နည်းဥပဒေများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများကို သဲကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ ရပ်ကွက်ကျေးရွာအုပ်စုများတွင် ဆောင်ရွက် လျက်ရှိရာ ယနေ့မနက်ပိုင်းနှင့်နေ့လယ်ပိုင်းတို့တွင် ကြိုရပ်သာကျေးရွာ အုပ်စု၊ ကြို့ကုန်းကျေးရွာ အုပ်စု၊ ဘွတ္တောကျေးရွာအုပ်စု တို့တွင်ပြုလုပ် ခဲ့ကြောင်းသိရသည်။
"ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေရဲ့သက်တမ်းဟာ နိုင်ငံတော်သမ္မတရဲ့သက်တမ်းနဲ့အညီ ဖြစ်တာကြောင့် မကြာခင်မှာ ရပ်ကျေး အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲတွေကို ကျင်းပပြုလုပ်ကြတော့မှာဖြစ်ပါတယ်၊ အခု တတိယအဆင့်အနေနဲ့ အသိပညာပေး လုပ်ငန်းတွေကို ဇန်နဝါရီလ ဒုတိယပတ်ကနေ စတုတ္ထပတ် ကာလအတွင်းမှာ ရပ်ကျေးအုပ်စုတွေမှာ လိုက်လံဆောင်ရွက်နေ ကြတာဖြစ်ပါတယ်၊ ကြီးကြပ်ရေးအဖွဲ့ဝင်များ ရွေးချယ်ခြင်း ကိုတော့ ဇန်နဝါရီလ စတုတ္ထပတ်ကနေ ဖေဖေါ်ဝါရီလ ပထမပတ်တွေမှာ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာတာဝန်ခံ၊ အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းတွေကိုတော့ ဖေဖေါ်ဝါရီလ စတုတ္ထပတ်ကနေ မတ်လ ဒုတိယပတ်အတွင်းမှာဆောင်ရွက်သွားမှာပါ၊ ရွေးချယ်အတည်ပြုခန့်ထားခံရသူတွေကတော့ ဧပြီလ ပထမပတ်မှာ စတင်တာဝန်ထမ်းဆောင်ကြရမှာဖြစ်ပါတယ်" ဟု အဖွဲ့ခေါင်းဆောင် မြို့နယ်ဒုတိယဦးစီးမှူး ဦးဝေဖြိုးကျော် (ထွေ/အုပ်)က ပြောကြားခဲ့ပါသည်။
အဆိုပါအသိပညာပေးဆောင်ရွက်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဥပဒေရုံး၊ ပညာရေးဌာန၊ ဆည်မြောင်းဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူများမှ ဦးဆောင် ဆောင်ရွက်ခဲ့ပြီး အလားတူ အင်းမနယ်မြေအတွင်း အင်းမမြို့ အုပ်ချုပ်ရေးမှူးဦးဆောင်၍ ဌာဆိုင်ရာ တာဝန်ရှိသူများပါဝင်သော အဖွဲ့မှ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နိုင်လင်း(သဲကုန်းပြန်/ဆက်)