ခန္တီးမြို့၌ တိုင်းရင်းကြက်မွေးမြူရေးထုတ်လုပ်ရေး သင်တန်းဖွင့်လှစ်

ခန္တီး မေ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဧပြီလမှ ဇွန်လအထိ ရက်(၁၀၀) အတွင်းလုပ်ငန်းဆောင်ရွက်မှုအစီအစဉ်ဖြစ်သည့် တိုင်းရင်းကြက်မွေးမြူရေးထုတ်လုပ်ရေး သင်တန်းကို ခန္တီးခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၌ မေလ(၈)ရက်နေ့မှစတင်ဖွင့်လှစ် သင်ကြားလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ခန္တီးခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအောင်ခိုင်ထွေးက ကြက်အမျိုးအစားများ၊ ကြက်မွေးမြူမည့်ခြံနေရာ ရွေးချယ်ခြင်းနှင့် ကြက်ခြံဆောက်လုပ်ခြင်း၊ မျိုးစပ်ခြင်းနှင့် မျိုးပွားဆိုင်ရာအချက်အလက်များ၊ ဥကြက်မပြုစုစောင့်ရှောက်ခြင်း၊ ကြက်‌ပေါက်ပြုစုစောင့်ရှောက်ခြင်း၊ အစာနှင့်ရေတိုက်ကျွေးခြင်း၊ ကြက်လည်လိမ်(i2)မျက်စဉ်းခပ်ကာကွယ် ဆေးဆိုင်ရာ ကိစ္စရပ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချလျက်ရှိရာ ခန္တီးမြို့ပေါ်ရပ်ကွက်၊ ကျေးရွာများမှ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၂၀)ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလမှာ မေလ(၈)ရက်နေ့မှ မေလ(၁၂) ရက်နေ့အထိ (၅)ရက်တာ သင်ကြားပို့ချမည်ဖြစ်သည်။

ခန္တီးမြို့နယ်အတွင်း ဒေသနှင့်ကိုက်ညီသည့်ကြက်များ‌မွေးမြူလာနိုင်စေရန်၊ ကြက်မွေးမြူရေးပိုမိုဖွံ့ဖြိုးတိုးတက်လာပြီး အသားထုတ်လုပ်မှုမြင့်တက်လာစေရန်၊ နည်းစနစ်မှန်ကန်စွာ မွေးမြူနိုင်စေရန်၊ တစ်နိုင်တစ်ပိုင်အိမ်တွင်းစီးပွားရေးလုပ်ငန်းဆောင်ရွက်နိုင်စေရန်နှင့် "One Village One Product" ထုတ်လုပ်နိုင်စေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

ကမ်းကီး(ပြန်/ဆက်)