မြောင်းမြမြို့တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် မြစိမ်းရောင် ကျေးရွာစီမံကိန်း၊ ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း သုံးသပ်ဆွေးနွေးပွဲအခမ်းအနားပြုလုပ်

မြောင်းမြ    မေ  ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း မြို့နယ်အဆင့်ဆွေးနွေးပွဲအခမ်းအနားကို မေလ (၁၀)ရက်နေ့ နံနက် (၉:၀၀)နာရီအချိန်က မြောင်းမြမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ မြရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မြောင်းမြမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဦးအောင်ကိုကိုက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်စန္ဒာအောင်နှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးစိုးနိုင်တို့ကအမှာစကား အသီးသီးပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်မင်းထွန်းက မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ မြို့နယ်အဆင့်သုံးသပ် ဆွေးနွေးခြင်းအားဆောင်ရွက်ရာမြစိမ်းရောင်ကျေးရွာ စီမံကိန်းတွင်ပါဝင်သည့် ကျေးရွာများအားအဖွဲ့များခွဲခြားသတ်မှတ်ပြီး အဖွဲ့တစ်ခုချင်းစီမှ သက်ဆိုင်ရာခေါင်းစဥ်ဖြင့် သုံးသပ်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

အောင်ဖြိုး(ပြန်/ဆက်)