ခန္တီး မေ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၌ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်ထက်က အဖွင့်အမှာစကားပြောကြားရာ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ခြင်းသည် ၂၀၂၅ ခုနှစ်၊ ရွေးကောက်ပွဲအရ အသစ်ပေါ်ပေါက်လာသော အစိုးရအသစ်၏ ပထမနှစ်ကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ဒေသန္တရစီမံကိန်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးဘတ်ဂျတ်ဖြင့် လုပ်ငန်းအရေအတွက် (၅၁) ခု၊ ကျပ်သန်းပေါင်း (၅၄၇၂.၂၁၅) သန်း အတည်ပြုခွင့်ပြုပေးခဲ့ပြီး အကောင်အထည်ဖော်ဆောင်ရွက်မှာဖြစ်ကြောင်း၊ တိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်းဆိုတာကတော့ တိုင်းဒေသကြီး၏ လူမှုစီးပွား၊ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံအတွင်းမှာရှိတဲ့ သဘာဝအရင်းအမြစ်များ၊ ကုန်ထုတ်လုပ်မှုစွမ်းအားအရင်းအမြစ်များ၊ လူသားအရင်းအမြစ်များကို အခြေခံလျက် နိုင်ငံပိုင်/ ပုဂ္ဂလိက အရင်းအမြစ်များဖြင့် ပေါင်းစပ်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်ထက်က ၂၀၂၆ -၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းသန်းထိုက်က လက်ခံရယူပြီး လယ်ယာကဏ္ဍ၊ သားငါးကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးဘတ်ဂျတ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်း ရည်မှန်းချက်များကို သက်ဆိုင်ရာကဏ္ဍအသီးသီးက လက်ခံရယူခဲ့ကြပြီး အဆိုပါအခမ်းအနားသို့ ခရိုင် / မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကမ်းကီး (ပြန်/ဆက်)