တောင်ငူ မေ ၁၀
ခပေါင်းရေလှောင်တမံသည် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်အတွင်း တည်ရှိပြီး ကန်ရေပြည့် ရေလှောင်ပမာဏမှာ (၈၇၈၅၇၀) ဧကပေဖြစ်ပြီး နှစ်စဥ် နွေစပါးနှင့် နွေသီးနှံများကို ဆည်ရေပေးဝေလျက်ရှိသည်။
ခပေါင်းဆည်ရေသောက်ဧရိယာအတွင်း (၂၀၂၅-၂၀၂၆) ခုနှစ်၊ နွေစပါးလျာထားဧက (၂၇၄၄၄) ဧကနှင့် နွေသီးနှံလျာထား (၁၂၅၄၆) ဧကဖြစ်ပြီး တောင်ငူမြို့နယ်တွင် နွေစပါးလျာထားဧက (၁၂၆၀၈) ဧကနှင့် နွေသီးနှံလျာထားဧက (၆၇၃)ဧက စုစုပေါင်း (၅၃၂၇၁)ဧကကို (၁၄- ၁- ၂၀၂၆) ရက်နေ့မှ စတင်၍ လက်ဝဲတူးမြောင်းမကြီး၊ လက်ယာတူးမြောင်းမကြီးနှင့် လက်ယာလက်ခွဲ မြောင်းမကြီးများမှ ရေအလေအလွင့်နည်းပါးစွာဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဌာနနှင့် တောင်သူများ ပူးပေါင်းကာ စနစ်တကျစီမံ၍ စိုက်ပျိုးရေပေးဝေလျက်ရှိသည်။ ခပေါင်းဆည်ရေသောက်ဖြင့် နွေစပါးဧကရာနှုန်းပြည့် (၄၀၀၅၂)ဧကနှင့် နွေသီးနှံ (၁၃၂၁၉) ဧကကို စိုက်ပျိုးပြီးစီးပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။ ခပေါင်းဆည်ရေသောက်၏ (၁၀- ၅- ၂၀၂၆) ရက်နေ့ ရေသိုလှောင်ပမာဏမှာ (၃၅၁၅၉၆) ဧကပေဖြစ်ပြီး နွေစပါးနှင့် နွေသီးနှံစိုက် ဧကများအတွက် စိုက်ပျိုးရေလုံလောက်စွာ ဆက်လက်ပေးဝေနိုင်မည်ဖြစ်သည်။
ခပေါင်းဆည်ရေသောက်စနစ်အတွင်း နှစ်စဥ်နွေရာသီ သီးနှံစိုက်ပျိုးနိုင်ရေး ပန်းတိုင်အထွက် နှုန်းပြည့်မီကျော်လွန်နိုင်ရေးနှင့် ဆည်ရေပေးဝေမှုစနစ်များ ကောင်းမွန်စေရေးအတွက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဌာနအနေဖြင့် တူးမြောင်းအဆောက်အအုံများ ရေရှည်တည် တံ့ခိုင်မြဲစေရန် ပုံမှန်ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး တူးမြောင်းစနစ်များ၊ လယ်ကြားမြောင်းများ ရေစီးရေလာကောင်းမွန်စေရန် အမှိုက်၊ မြက်ခြုံ နွယ်များ ရှင်းလင်းခြင်းနှင့် ဆည်ရေစီမံခန့်ခွဲမှုလုပ်ငန်းစဥ်များအားဌာနမှတာဝန်ရှိ သူများနှင့် ရေအသုံးချသူ တောင်သူများပူးပေါင်းကာ စနစ်တကျစီမံဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ဇော်ကိုကို (တောင်ငူ)