ပြည်နယ်လူမှုရေးရာဝန်ကြီး ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆင့်ပွားသင်တန်းဆင်းပွဲအခမ်းအနားသို့တက်ရောက်

ဘားအံ မေ ၁၀

နိုင်ငံတော်၏ လူသားအရင်းအမြစ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အခြေခံပညာကဏ္ဍ၏ အစပျိုးရာဖြစ်သော သူငယ်တန်း (KG )နှင့် ပထမတန်း (Grade -1) အဆင့်များသည် အလွန်အရေးပါသည့် အခန်းကဏ္ဍတွင် ပါရှိသောကြောင့် (KG) နှင့် (Grade-1) သင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆင့်ပွားသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမ၌ကျင်းပရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က တက်ရောက်အမှာစကားပြောကြားသည်။

ဦးစွာ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က အမှာစကားပြောကြားရာတွင် လူသားတစ်ဦး၏ ဘဝသက်တမ်းတစ်လျှေက်တွင် ရှေးဦးအရွယ် ကလေးသူငယ်ကာလသည် ဦးနှောက်ဖွံ့ဖြိုးမှုအမြန်ဆုံးနှင့် ကိုယ်ရည်ကိုယ်သွေး အခြေခံကောင်းများ တည်ဆောက်ရာတွင် အရေးကြီးဆုံးအချိန်ကာလဖြစ်ပါကြောင်း KG နှင့် Grade -1 ဆိုသည်မှာ ကလေးများ ကျောင်းပညာရေး စတင်သည့် တံခါးပေါက်ဖြစ်ပါကြောင်း အဆိုပါတံခါးပေါက်၌ ဆရာ/ဆရာမ၏ ကြိုဆိုပုံ၊ သင်ကြားပုံ၊ အားပေးပုံတို့သည် ကလေးငယ်၏ ကျန်ရှိသော ပညာရေးခရီးစဉ်တစ်ခုလုံးကို သက်ရောက်မှုရှိသောကြောင့် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (ဆင့်ပွား) သင်တန်းသည် ပြည်နယ်အဆင့်သင်တန်းဖြစ်သည့်အတွက် မိမိတို့၏မြို့နယ်အလိုက် မြို့နယ်အဆင့် (ဆင့်ပွား) သင်တန်းများအား ပြန်လည်ပို့ချသင်ကြားရာတွင် သင်တန်းမှရရှိသည့် အတွေ့အကြုံ၊ သင်ကြားနည်းစနစ်များကို အခြေခံပြီး မိမိတို့ကျောင်း၊ မိမိတို့မြို့နယ်မှာရှိသည့် ကလေးငယ်များအား အရည်အချင်းရှိပြီး ဗလငါးတန်နှင့် ပြည့်စုံသည့်လူတော်လူကောင်းများ ဖြစ်လာစေရေးအတွက် ပြုစုပျိုးထောင်ကြစေလိုကြောင်းပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့က နည်းပြများနှင့် သင်တန်းသား သင်တန်းသူများအတွက် ချီးမြှင့်ငွေ ကျပ် (၂၄)သိန်းအား ပြည်နယ်လူမှုရေးရာဝန်ကြီးက ပေးအပ်ချီးမြှင့်ရာပြည်နယ်ပညာ‌ရေးမှူးမှလက်ခံရယူပြီး ဂုဏ်ပြုလွှာနှင့် သင်တန်းဆင်းလက်မှတ်များအားပြည်နယ်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူးနှင့် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးတို့ကပေးအပ်ရာ သင်တန်းနည်းပြနှင့် သင်တန်း သားမှလက်ခံရယူသည်။

ယင်းနောက် ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့အဖွဲ့ဝင်များနှင့်ပြည်နယ်အဆင့်ဌာနဆိုင်ရာများက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပြီး အဆိုပါသင်တန်းမှ ခင်းကျင်းပြသထားသည့် သင်ထောက်ကူပစ္စည်းများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)