ဟင်္သာတမြို့နယ်ရှိ ဈေးများတွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ လက်တွေ့မီးငြှိမ်းသတ်ခြင်းများ လေ့ကျင့်ဆောင်ရွက်

ဟင်္သာတ မေ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ ပဒေသာဈေးနှင့် ဌေးဝင်းဈေးတို့တွင် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့များက ယနေ့နံနက် ၉ နာရီက မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ လက်တွေ့သရုပ်ပြ စုပေါင်းဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာ ဟင်္သာတမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်သန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဥက္ကာ ဦးဆောင်၍ တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လျှပ်စစ်၊ ဈေးကော်မတီဝင်များစသည့် ပူးပေါင်းအဖွဲ့များဖြင့် စျေးသူ၊‌ ဈေးသားများနှင့် မိဘပြည်သူများအား မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ ဈေးအတွင်းဆိုင်ခန်းများ မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ လျှပ်စစ်ဝါယာကြိုးများစစ်ဆေးခြင်း၊ မီးသတ်ရေကန်များနှင့် မီးသတ်ပိုက်ခေါင်းများ၊ ရေစုပ်စက်၊ ရေတင်စက်များကို အသင့်အသုံးပြုနိုင်ရေးအတွက် တာဝန်ရှိသူများက လိုက်လံစစ်ဆေးခဲ့ကြပြီး သက်ဆိုင်ရာအဖွဲ့များနှင့် ဈေးများအတွင်း မီးဘေးကြိုတင်ကာကွယ်ရေးတို့အား သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)