အုတ်တွင်းမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးခြင်းနှင့် UID ကောက်ယူမှတ်ပုံတင်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိ

အုတ်တွင်း မေ ၁၀

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အုတ်တွင်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အသက် (၁၀) နှစ်အထက် ပြည်သူများအား အစိုးရသစ်ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း နှင့် UID ကောက်ယူ မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ဧပြီလ ၂၀ ရက်နေ့မှစတင်၍ ပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်း (ကျွဲပွဲ) ကျောင်း၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အုတ်တွင်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးနော်ဟိန်းက နိုင်ငံသားစိစစ်ကတ်ပြား ထုတ်ပေးရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ အုတ်တွင်းမြိုနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ် (၂) ဦးဇော်မင်းသက်၊ ကျွဲပွဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးအေးဟံနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြိုနယ်ဦးစီးမှူး ဦးနော်ဟိန်းတိုက အသက် (၁၀) နှစ်အထက် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခဲ့သည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အုတ်တွင်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးနော်ဟိန်းနှင့် ဝန်ထမ်းများက အသက် (၁၀) နှစ်အထက် ပြည်သူ (၅၀၀) ဦးခန့်အား အစိုးရသစ် ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးခြင်းနှင့် UID ကောက်ယူ မှတ်ပုံတင်ခြင်းလုပ်ငန်းကို စနစ်တကျ နေ့ချင်းပြီးဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် အုတ်တွင်းမြို့နယ်အတွင်းရှိ အသက် (၁၀) နှစ်အထက် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းနှင့် UID ကောက်ယူမှတ်ပုံတင်ခြင်းလုပ်ငန်းများကို ဆက်လက် ကွင်းဆင်းဆောင်ရွက်ပေးသွားပါမည်ဖြစ်ပါကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အုတ်တွင်းမြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

ခင်ခင်မာ (ပြန်/ဆက်)