မော်လမြိုင်ကျွန်း မေ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ နေအိမ်များ မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ညနေ (၅) နာရီက အမှတ် (၁၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးဘေး၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးမျိုးဇော်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန် မိမိတို့နေအိမ် များတွင် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ လှေကားများကို စနစ်တကျထားရှိရန်၊ မီးငြှိမ်းသတ်ရန် သီးသန့်ရေလှောင်ထားရန်၊ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် ဓနိမိုးအိမ်များ၌ ဆိုလာပြားများတပ်ဆင်ခြင်းများကို ရှောင်ဖယ်ကြရန်၊ ထင်း၊ မီးသွေးများဖြင့် ချက်ပြုတ်ရာတွင် ထမင်းဟင်းများချက်ပြုတ်ပြီးပါက စနစ်တကျ ငြှိမ်းသတ်ထားရှိရန်၊ ဖယောင်းတိုင်မီးများ၊ အမွှေးတိုင်မီးများနှင့် ခြင်ဆေးခွေများ စနစ်တကျ အသုံးပြုရန်၊ မီးဘေးအန္တရာယ်ကြုံတွေ့ရပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ အချိန်နှင့်တစ်ပြေးညီသတင်းပေးပို့ကြရန်၊ လျှပ်စစ်ဝါယာကြိုးများ ဟောင်းနွမ်းပျက်စီးနေပါက အသုံးမပြုကြရန် စသည်တို့ကို ရပ်ကွက်နေပြည်သူများအား အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့သည်။
ရဲကိုမောင် (ပြန်/ဆက်)