တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ကျွန်းစုမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ၊ ဒေသခံများတွေ့ဆုံ

မြိတ်  မေ ၁၀

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မေ(၉)ရက် နံနက်ပိုင်းက ကျွန်းစုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာခန်းမတွင် ကျွန်းစုမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ တက်ရောက်သည်။

တွေ့ဆုံရာတွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်က ယနေ့တွေ့ဆုံပွဲ၏ အဓိကရည်ရွယ်ချက်မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပြည်သူများ၏အသံကိုနားထောင်ရန်၊ ဒေသခံပြည်သူများ၏ အခက်အခဲများကို မြေပြင်အခြေအနေ အမှန်အတိုင်း သိရှိရန်၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ပြည်သူ့လိုအပ်ချက်နှင့် ကိုက်ညီစွာ ဆောင်ရွက်နိုင်ရန်ဖြစ်ပြီး ပြည်သူများ၏တင်ပြချက်များ၊ အကြံပြုချက်များသည် အုပ်ချုပ်ရေးလုပ်ငန်းများ ပိုမိုထိရောက်အောင် ကူညီပေးနိုင်သည့် အရေးကြီးသော အခြေခံအချက်အလက်များဖြစ်ကြောင်း၊ ကျွန်းစုမြို့နယ်သည် သဘာဝအလှအပ၊ ပင်လယ်သယံဇာတ၊ ရိုးရာယဉ်ကျေးမှု၊ ရေလုပ်ငန်း အတွေ့အကြုံနှင့် ကြိုးစားအားထုတ်သည့်ပြည်သူများကြောင့် အလားအလာများစွာရှိသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ပြည်သူများ၏ ယုံကြည်မှုကို ရရှိရေး၊ ပြည်သူ့လိုအပ်ချက်ကိုနားထောင်ရေး၊ ပြည်သူ့ဝန်ဆောင်မှုများကို ပိုမိုလွယ်ကူ မြန်ဆန်စွာ ဆောင်ရွက်ပေးရေးသည် အုပ်ချုပ်ရေးလုပ်ငန်း၏ အဓိကလုပ်ငန်းတာဝန်များ ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက ကျွန်းစုမြို့နယ်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ ရှင်းလင်းတင်ပြပြီး ဌာနဆိုင်ရာတာဝန်ရှိသူများက ဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံပြည်သူများမှ ရပ်ရွာ ဖွံ့ဖြိုး‌တိုးတက်ရေးလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ တင်ပြချက်များနှင့် စပ်လျဉ်း၍ ‌တိုင်းဒေသကြီး ဝန်ကြီးများက ပြန်လည်ရှင်းလင်းဆွေးနွေးကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့မှတစ်ဆင့် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကတ္တလူကျေးရွာရှိ ပြည်ဖြိုးထွန်းကုမ္ပဏီလီမီတက်၏ ခေတ်မီ ရေငန်ပုစွန်မွေးမြူရေးစီမံကိန်းသို့ရောက်ရှိခဲ့ရာ View Point တောင်ပေါ်တွင် ရွှေတိဂုံ ပုံတူစေတီတော်တည်ထား ကိုးကွယ်ရေးစီမံကိန်းကို တာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် View Point တောင်ပေါ်မှ ခေတ်မီရေငန်ပုစွန် မွေးမြူရေးကန်များကို ကြည့်ရှုအားပေးပြီး မွေးမြူရေးကန်များ၌ ပုစွန်မွေးမြူဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုပြီး ပုစွန်ကန်မှ ပုစွန်များ ဖမ်းယူနေမှုအား သွားရောက်ကြည့်ရှုသည်။ ဆက်လက်၍ ပုစွန်ကန်များအတွက် (၂၄)နာရီ ဆိုလာဘတ္ထရီစနစ် တည်ဆောက်ပြီး မီးစက်များ နေ့စဉ်မောင်းနှင်မှုမှ လောင်စာဆီသုံးစွဲမှု လျော့နည်းသက်သာစေရန် မီးစက်ရုံများနှင့် ဆိုလာစီမံကိန်းဖြင့် ဆိုလာပြားများ တပ်ဆင်နေမှုကို ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ခေတ်မီရေငန်ပုစွန် မွေးမြူရေးစီမံကိန်းသို့ရောက်ရှိခဲ့ရာ ရှင်းလင်းဆောင်တွင် ပြည်ဖြိုးထွန်းကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးလှသန်းနှင့် တာဝန်ရှိသူများမှ ရေငန်ပုစွန် မွေးမြူဆောင်ရွက်နေမှု၊ တိုးချဲ့မွေးမြူ ဆောင်ရွက်မည့် အခြေအနေများနှင့် ဆိုလာဘတ္ထရီစနစ် တည်ဆောက်၍ ပုစွန်ကန်များ လျှပ်စစ်ဓာတ်အား ထုတ်မှုသုံးစွဲမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဝန်ကြီးချုပ်မှ အားပေးစကားပြောကြားပြီး လိုအပ်သည်များ လမ်းညွှန်မှာကြား သည်။ ယင်းနောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အထက(ကတ္တလူ)၊ မူလတန်းလွန် (ထိန်ချောင်း)နှင့် အလက(မရမ်းချောင်း) ကျောင်းများအတွက် အလှူငွေများကို ချီးမြှင့်ပေးအပ်သည်။

ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တနင်္သာရီရေတပ်စခန်းဌာနချုပ်၌ဖွင့်လှစ်လျက်ရှိသော ရေကြောင်း လူငယ်အခြေခံနှင့်တန်းမြင့်သင်တန်းသို့ရောက်ရှိခဲ့ကြပြီး သင်တန်းတက်ရောက်နေကြသည့် လူငယ်မောင်မယ်များအားဝန်ကြီးချုပ်က လူငယ်များသည် နိုင်ငံတော်၏ အနာဂတ်ဖြစ်ပြီး တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အဓိကမောင်းနှင်အားများ ဖြစ်ကြကြောင်း၊ ယနေ့ရေကြောင်းပညာရပ်များကို စိတ်ပါဝင်စားစွာ လေ့လာနေကြသည့် လူငယ်များသည် မိမိတို့ဒေသ၏ ရေကြောင်းစွမ်းရည်များကို အနာဂတ်တွင် တိုးတက်မြင့်မား အောင် စွမ်းဆောင်ပေးနိုင်မည့် အင်အားသစ်များ ဖြစ်ကြကြောင်း ပြောကြားပြီး သင်တန်းသား/သူများအတွက် ချီးမြှင့်ငွေ များပေးအပ်၍ သင်တန်းသား/သူများ လှေလှော်ရွက်တိုက် ဘာသာရပ် သင်ကြားလေ့ကျင့်နေမှုအား ကြည့်ရှုအားပေးသည်။

ထိုမှတစ်ဆင့် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြိတ်မြို့နယ် ကယင်းကျေးရွာတွင် ဖိုးလမင်းရောင်းဝယ်ရေးကုမ္ပဏီလီမီတက်၏ TUBLESS မော်တော်ဆိုင်ကယ် တာယာစက်ရုံ တည်ဆောက်ရေးစီမံကိန်းသို့ ရောက်ရှိခဲ့ကြပြီး စီမံကိန်းရှင်းလင်းဆောင်တွင် ကုမ္ပဏီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက စီမံကိန်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်မှ အားပေးစကားပြောကြားပြီး လိုအပ်သည်များလမ်းညွှန်မှာကြား၍ စီမံကိန်းတည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဖျာကျေးရွာရှိ OK ရတနာဆန်စက်သို့ ရောက်ရှိခဲ့ကြပြီး ဆန်စက်ပိုင်စက် ဦးထွေးဝေ က ဆန်စက်လည်ပတ်ဆောင်ရွက်နေမှု၊ ဒေသထွက်စပါးများ ကို အခြောက်ခံမှု၊ ကြိတ်ခွဲမှု၊ သန့်စင်မှုနှင့် ဒေသတွင်းဖြန့်ဖြူးရောင်းချရန် ထုပ်ပိုးဆောင်ရွက်နေမှုအား လိုက်လံရှင်းလင်းပြသရာ ကြည့်ရှုအားပေးပြီး ဝန်ကြီးချုပ်မှ OK ရတနာ ဆန်စက်နှင့် ကန်ထရိုက်လယ်ယာဆောင်ရွက်လျက်ရှိသည့် တောင်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)