မြန်အောင် မေ ၁၀
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၆ - ၂၀၂၇ ခု ဘဏ္ဍာရေးနှစ် ၊ ခရိုင် / မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်က မြန်အောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ မြန်အောင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမောင်တင်အောင်က မြန်အောင်ခရိုင်အတွင်း မြစိမ်းရောင်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေနှင့် ရက် ၁၀၀ စီမံချက်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး မြန်အောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းက အမှာစကားပြောကြားသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းဆွေက ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ လိုအပ်ချက်များပေါင်းစပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။ မြန်အောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေဇော်ထက်က ၂၀၂၆ - ၂၀၂၇ ခု ဘဏ္ဍာရေးနှစ်၊ ခရိုင် / မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ပထမဆုရ ဆန်နီချောင်ကျေးရွာ၊ ဒုတိယဆုရ တောင်နီလေးကျေးရွာ၊ ဂွေးကုန်းကျေးရွာ၊ တတိယဆုရ ကုန်းတလုံးကျေးရွာနှင့် ခရိုင်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ပထမဆုရ ကြံခင်းမြို့နယ် ကြံတောကျေးရွာတို့အား မြန်အောင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမောင်တင်အောင်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ခဲ့ကြသည်။
အခမ်းအနားသို့ မြန်အောင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမောင်တင်အောင်နှင့် မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ် ဦးစီးမှူးများ၊ မြန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းဆွေ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမင်းသန်း၊ ဦးအောင်မျိုးဦး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာများမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်)