အုတ်တွင်း မေ ၁၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဦးဆောင်သော အထူးကု ဆရာဝန်ကြီးများ၊ သမားတော်ကြီးများနှင့် ဆေးအဖွဲ့များသည် ယမန်နေ့နံနက် ၇ နာရီအချိန်က အုတ်တွင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် နယ်လှည့်ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် တောင်ငူဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဦးဆောင်သော အထူးကုဆရာဝန်ကြီးများ အဖွဲ့(၂၅)ဦးပါဝင်သော ဆေးအဖွဲ့ဝင်များသည် အုတ်တွင်းမြို့နယ် ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ခံယူနိုင်ရေးအတွက် စီစဥ်ဆောင်ရွက်ပေးလျက်ရှိပြီး၊ အရိုးနှင့်ထိခိုက်ဒဏ်ရာ အထူးကုဆရာဝန်ကြီး၊ ကလေးအထူးကုဆရာဝန်ကြီး၊ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး၊ ခွဲစိတ်အထူးကုဆရာဝန်ကြီး၊ နား/ နှာခေါင်း/လည်ချောင်း အထူးကုဆရာဝန်ကြီး၊ မျက်စိအထူးကုဆရာဝန်ကြီး၊ ရောဂါဗေဒအထူးကုဆရာဝန်ကြီး၊ အရေပြားရောဂါအထူးကုဆရာဝန်ကြီး၊ သွားနှင့်ခံတွင်းအထူးကုဆရာဝန်ကြီး၊ ဓာတ်မှန်အထူးကုဆရာဝန်ကြီးများနှင့် ဆေးပေးဝန်ထမ်းများအဖွဲ့တို့မှ အုတ်တွင်းမြို့နယ်ရှိ ဒေသခံပြည်သူ( ၃၉၇) ဦးအား ဆေးဝါး အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ပါကြောင်းနှင့် အဆိုပါ ဆေးဝါးအခမဲ့ကုသပေးရာသို့ အုတ်တွင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအဏ္ဏဝါအောင်နှင့်အဖွဲ့ဝင်များ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မိုးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်အိအိထွန်းနှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ အဖွဲ့ဝင်များက သွားရောက်အားပေး ဆောင်ရွက်ခဲ့ကြောင်း အုတ်တွင်း မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မိုးထံမှ သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)