အင်္ဂပူ မေ ၉
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် ညောင်ကျိုးကျေးရွာအုပ်စု၊ ညောင်ကျိုးကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
အစိုးရအသစ်၏ ရက် (၁၀၀)စီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အင်္ဂပူမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးသိန်းရင်၏ ကြီးကြပ်မှုဖြင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများက မြေပြင်အရောက် ကွင်းဆင်း၍ ဒေသခံပြည်သူများအား အသက်(၁၀)နှစ်ပြည့်၊ (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား အသစ်ပြုလုပ်လိုသူများအား လိုအပ်သည့် အချက်အလက်၊ အထောက်အထားများ ဖြည့်စွက်ကာ စိစစ်ထုတ်ပေးခဲ့ပြီး ဇီဝဆိုင်ရာအချက်အလက် ကောက်ယူခြင်းလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း၊ တိုင်းဒေသကြီး (၁)လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဇော်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)