မကွေး မေ ၉
မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိ စေရန်၊ မိသားစုဝင်ငွေတိုးပွားလာစေရန်နှင့် ဒေသတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှဖွင့်လှစ်သည့် စက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါရုံး သင်တန်းခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို တက်ရာက်သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်၏ စီးပွားရေးမောင်းနှင်အားဖြစ်သော အသေးစား၊ အလတ်စား၊ စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယခုကဲ့သို့လက်တွေ့အသုံးချပညာရပ်များကို သင်ကြားပေးခြင်းဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့်သင်ကြားပေးသည့် အတတ်ပညာများကို မိသားစုဝင်ငွေတိုးလုပ်ငန်းများအဖြစ် ပြန်လည်အသုံးချကြစေလိုကြောင်းပြောကြားသည်။
ဆက်လက်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်စုစုခိုင် ကကျေးလက်မိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့်ဆောင်ရွက်မည့် သင်တန်းများအကြောင်းနှင့် သင်တန်းပြီးဆုံးပါကလုပ်ငန်းထူထောင်နိုင်ရန် ပံ့ပိုးပေးမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာကော်မတီ နာယက ဒေါ်အိအိထွန်းက သင်တန်းကာလအတွင်းအသုံးပြုမည့် သင်တန်းသုံးပစ္စည်းများကိုပေးအပ်ရာ သင်တန်းသူများကလက်ခံရယူခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သင်တန်းသူများအားရင်းရင်းနှီးနှီး အားပေးစကားပြောကြားသည်။
အဆိုပါသင်တန်းသို့ မကွေးမြို့ပေါ်ရက်ကွက်များမှ သင်တန်းသူ(၁၅)ဦးအား စက်ချုပ်နှင့် အသက်မွေးဝမ်းကျောင်းပြုနိုင်သူများဖြစ်အောင် မေ ၈ ရက် မှ ဇွန် ၂၈ ထိ (၄၅)ရက်ကြာ သင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းသူများအနက် သတ်မှတ် အရည်အချင်းပြည့်စုံပြီး ထူးချွန်သင်တန်းသူ (၅)ဦးကိုရွေးချယ်၍ လုပ်ငန်းသုံးပစ္စည်းများပေးအပ်ကာ လုပ်ငန်းထူထောင်ပေးမည်ဖြစ်ကြောင်းသိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)