မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို မင်းဘူးမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

မင်းဘူး မေ ၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့်အတူ တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မေ ၈ ရက် မွန်းလွဲ ၁ နာရီက သွားရောက်ကွင်းဆင်းကြည့်ရှုသည်။

ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မင်းဘူးမြို့ အမှတ်(၄)ရပ်ကွက်ရှိ မင်းဘူးခရိုင်အားကစားကွင်းသို့ရောက်ရှိပြီး အားကစားကွင်းအတွင်း၌ ရေစီးရေလာ ကောင်းမွန်စေရေး ငါးရိုးပုံရေစိမ့်မြောင်းပြုလုပ်ခြင်း ဆောင်ရွက်ပြီးစီးမှု၊ ငါးရိုးပုံရေစိမ့်မြောင်းအတွင်း ၄ လက်မပိုက်ထည့်ခြင်းနှင့် ကျောက်ဖြည့်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ရှင်းလင်းဆောင်၌ တာဝန်ရှိသူများမှ အားကစားကွင်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများအားလုံး အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရေး မှာကြားသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မင်းဘူးမြို့သာသနာ့ဗိမာန်နှင့် မင်ပူးဦးဩဘာသမြို့နယ်ခန်းမသို့သွားရောက်၍ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ သာသနာ့ဗိမာန်တော်ကြီးအတွင်း၌ သာသနာရေးဆိုင်ရာပွဲအခမ်းအခမ်းအနားများ ကျင်းပဆောင်ရွက်နိုင်မှုနှင့် မင်ပူးဦးဩဘာသမြို့နယ်ခန်းမတွင် ဌာနဆိုင်ရာတွေ့ဆုံပွဲနှင့် အခမ်းအနားများကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် လုပ်ငန်းများ လည်ပတ်ဆောင်ရွက်အနေမှု အခြေအနေများကိုကြည့်ရှုစစ်ဆေးပြီး သာသနာ့ဗိမာန်နှင့် မြို့နယ်ခန်းမတို့အား အမြဲတမ်းသန့်ရှင်းသပ်ရပ်လှပတင့်တယ်စွာဖြင့် အရန်သင့်ပြင်ဆင် ဆောင်ရွက်ထားရှိရေး မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 မောင်မောင်(မင်းဘူး)