ဟင်္သာတမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုများကြောင့် နေအိမ်များ အမိုးလန်ခြင်း၊ ပြိုကျ ပျက်စီး

ဟင်္သာတ   မေ  ၉

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်၊  ဟင်္သာတမြို့နယ်အတွင်း ၂၀၂၆ ခုနှစ် မေ ၈ ရက် ည ၉ နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုများကြောင့်  ငါးဖားအုပ်စု၊ ငါးဖားကျေးရွာ၌ တည်ထားကိုးကွယ်လျက်ရှိသော ဉာဏ်တော်အမြင့် (၃၂)ပေရှိ ဇိနမာန်အောင်စေတီတော်၏ ထီးတော် တိမ်းစောင်းသွားခြင်း၊ အမက(ငါးဖား)၏ အလျား(၃၀)ပေ၊ အနံ(၁၅)ပေ၊ အမြင့်(၁၅)ပေရှိ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းကျောင်းဆောင် အဆင့်ပြိုကျခြင်းနှင့် ကျေးရွာများရှိ နေအိမ်များမှ အမိုးလန်ခြင်း၊ ပြိုကျ ပျက်စီးခဲ့သည်။

အဆိုပါ မိုးရွာသွန်းပြီးလေပြင်းတိုက်ခိုက်မှုကြောင့် ဟင်္သာတမြို့နယ် ငါးဖားအုပ်စု ငါးဖားကျေးရွာတွင် နေအိမ်(၃)လုံး ပြိုကျပျက်စီးခဲ့ပြီး နေအိမ်(၁၄)လုံး အမိုးလန်ပျက်စီးခဲ့ကာ နေအိမ် (၁၇)လုံး၊ အိမ်ထောင်စု(၁၇)စုရှိ  စုစုပေါင်းလူဦးရေ(၇၁)ဦး၊ သဲဖြူ(ဓမ္ဘီ)အုပ်စု သဲဖြူကျေးရွာတွင် နေအိမ် (၁၃)လုံး ပြိုကျပျက်စီးခဲ့ပြီး နေအိမ်(၁၄)လုံး အမိုးလန်ပျက်စီးခဲ့ကာ နေအိမ်(၂၇)လုံး၊ အိမ်ထောင်စု (၂၇)စုရှိ လူဦးရေ(၁၁၄)ဦး၊  ပြာသာအုပ်စု၊ ရေကျော်ကျေးရွာတွင် နေအိမ်(၂)လုံး ပြိုကျပျက်စီးခဲ့ပြီး နေအိမ်(၆)လုံး အမိုးလန်ပျက်စီးခဲ့ကာ နေအိမ် (၈)လုံး၊ အိမ်ထောင်စု(၈)စုရှိ စုစုပေါင်းလူဦးရေ(၄၂)ဦးဘေးသင့်ခဲ့ကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်(ဟင်္သာတ)