လောင်းလုံးမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း၊  နိုင်ငံသားစိစစ်ရေးကတ်ပြားများ နှင့် UID ကတ်ပြားများဆောင်ရွက်

လောင်းလုံး မေ ၉

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်လောင်းလုံးမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊မြို့နယ်ဦးစီးမှူးရုံးမှ မေ ၈ ရက် ညနေ ၃နာခွဲက အိမ်ထောင်စုလူဦးရေစာရင်း၊  နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်ပြားများကို ထားဝယ်မြို့နယ်(တွဲ)လောင်းလုံးမြို့နယ်ဦးစီးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဦးစွာ ထားဝယ်ခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းညွန့်နှင့်အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးတင်လွင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်စိန်နှင့် တိုင်းဒေသကြီးကိုယ်စားလှယ်ဒေါ်ချိုချိုစန်းတို့‌မှ ကွင်းဆင်းကြည့်ရှုအား‌ပေးခြင်း၊ ဒေသခံပြည်သူများထံ နိုင်ငံသားစိစစ်ရေးကတ်ပြားများ၊ UID ကတ်ထုတ်ပေးခြင်းများဆောင်ရွက်ပေးခဲ့ပြီး လုပ်ငန်းစဉ်များအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းပေးသည်။

အဆိုပါဆောင်ရွက်ရာတွင် ရက်(၁၀၀) စီမံချက်ဖြင့် ပြည်သူများ၏ အခြေခံအခွင့်အရေးများ ရရှိစေရေးအတွက်ရည်ရွယ်၍ အကောင်အထည်ဖော်ကာ ပြည်သူများအား အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ်ပြုလုပ်ပေးခြင်း၊ အသက်(၁၈)နှစ်ပြည့်နှင့် ဟောင်းနွမ်းပျက်စီးခြင်းများကို အသစ်လဲလှယ်ပြုလုပ်ပေးခြင်း၊ ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းများကို နေ့ချင်းပြီး ပြုလုပ်ပေးသည်။

ထိုသို့ဆောင်ရွက်ရာတွင် လောင်းလုံးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ  ဦးအောင်မြတ်ထိုက် ဦးဆောင်ကာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှဦးစီးအရာရှိ ဦးသန့်ရှင်းရွှေနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာဌာနများက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သိန်းသိန်း(လောင်းလုံး)