ပုလော မေ ၈
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ ဥယျာဉ်ခြံသီးနှံများ စိုက်ပျိုးထုတ်လုပ်မှု တိုးတက် မြှင့်မားရေးအတွက် သီးနှံရောနှောစိုက်ပျိုး ထုတ်လုပ်ခြင်းနည်း ပညာပေးသင်တန်းကို မေ ၇ ရက် နံနက်ပိုင်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ဖွင့်လှစ်သည်။
အဆိုပါ သီးနှံရောနှောစိုက်ပျိုးထုတ်လုပ်ခြင်းနည်း ပညာပေးသင်တန်းတွင် ပုလောမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသော်ဇင်ထွန်းက ဥယျာဉ်ခြံသီးနှံစိုက်ပျိုးရာ၌ သီးနှံတစ်မျိုးတည်းပေါ်တွင် မမှီခိုဘဲ သီးနှံများရောနှောစိုက်ပျိုးခြင်းဖြင့် တောင်သူများ ဝင်ငွေတိုးလာမည်ဖြစ်ကြောင်း၊ ကွမ်းသီးခြံများတွင် ဒူးရင်း၊ ကော်ဖီ၊ ကိုကိုး၊ ဝဥစသည့်သီးနှံများ ရောနှောစိုက်ပျိုးခြင်းကြောင့် သီးနှံတစ်မျိုးမျိုးထိခိုက်မည်ဆိုပါက အခြားသီးနှံမှ ဝင်ငွေများကိုကယ်တင်နိုင်မည်ဖြစ်ပြီး အပိုဝင်ငွေများရရှိနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး သီးနှံရောနှောစိုက်ပျိုးနည်းစနစ်များကို သင်ကြား ပို့ချသည်။
အဆိုပါ ပညာပေးသင်တန်းကို ဥယျာဉ်ခြံစိုက်ပျိုးသူ တောင်သူ ၄၅ ဦးတက်ရောက်သင်ကြားခဲ့ပြီး၊ ၂၀၂၆-၂၀၂၇ ခုနှစ် ဇွန်လတွင် ပုလောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကော်ဖီပျိုးပင် ၈ သောင်းပင်၊ကိုကိုးပျိုးပင် ၈ထောင်ပင်၊ ဒူရင်းပင် ၁၀၀ ပင် ကြက်မောက်ပင် ၁၀၀ အုန်းပင် ၅၀၀ ကျွဲကောသီး ၁၀၀ ကို တောင်သူများကို အခမဲ့ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပုလော( ပြန်/ဆက်)