တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် မြိတ်မြို့ ဘောလုံးကွင်း အဆင့်မြင့်တင် ဆောင်ရွက်နေမှုနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ ကြည့်ရှုစစ်ဆေး 

မြိတ်     မေ     ၈

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မေ(၈)ရက် နံနက်(၁၁)နာရီက  မြိတ်မြို့မြို့မအားကစားကွင်းကို  မြေနေရာတိုးချဲ့၍ ဘောလုံးကွင်း အဆင့်မြှင့်တင်တည်ဆောက်ခြင်း လုပ်ငန်းများဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ တည်ဆောက်ရေးလုပ်ငန်း ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဘောလုံးကွင်း အဆင့်မြှင့်တင်ရေး လုပ် ငန်းများကို ဆောင်ရွက်ရာတွင် လျာထားချက်များအတိုင်း သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျဆောင်ရွက်ကြရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးအောင်ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားသည်။

ထိုမှတစ်ဆင့် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြိတ်မြို့ကမ်းနားလမ်းရှိ ပုလဲရတနာခန်းမတွင် မြိတ်ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြိတ်ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် လူမှုရေးအသင်းအဖွဲ့များ တွေ့ဆုံပွဲ တက်ရောက်သည်။

တွေ့ဆုံရာတွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်က ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် ပြည်သူကိုဗဟိုပြုသည့် ကောင်းမွန်သော အုပ်ချုပ်ရေးယန္တရားတည်ဆောက်ရေးဆိုသည့် မျှော်မှန်းချက်ထားရှိပြီး ရည်မှန်းချက်အနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ နိုင်ငံတော်အစိုးရ၏ မူဝါဒများ အကောင်အထည်ဖော်ရေး၊ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖော်ဆောင်ရေး၊ ပြည်သူဗဟိုပြု ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရေး ဆိုသည့်အတိုင်း နိုင်ငံတော်အစိုးရစီမံကိန်းများ၊ ချမှတ်ထားသည့်မူဝါဒများ၊ ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို  တက်ညီလက်ညီဖြင့် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ကြရန်၊ ခေတ်ကာလအဆက်ဆက် သမိုင်းကြောင်းအစဉ်အလာအရ နိုင်ငံတော်၏အုပ်ချုပ်ရေးယန္တရားတွင် အဓိကပါဝင်ပြီး နိုင်ငံတော်၏အကျိုး၊ ဒေသနေပြည်သူများ၏အကျိုးကို ဆောင်ရွက်နေကြသည့် ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့်  အုပ်ချုပ်ရေးစွမ်းရည်၊ လုပ်ငန်းစွမ်းရည်၊ လုံခြုံရေးစွမ်းရည်၊  စည်းရုံးရေးစွမ်းရည် စသည့် စွမ်းရည်(၄)ရပ် နှင့် ပြည့်ဝနေရမည့်အပြင် ထိရောက်မှုနှင့် စွမ်းရည်ပြည့်ဝမှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူ တာဝန် ခံမှု၊ တန်းတူ ညီမျှ အားလုံးပါဝင်မှု၊ လုပ်ထုံးလုပ်နည်းနှင့်အညီဖြစ်စေမှု စသည့် စံတန်ဖိုး(၆)ရပ်နှင့်  ပြည့်စုံနေရန်အတွက်လည်း ကြိုးစားဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း ပြောကြားသည်။

ထို့နောက် မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးက မြိတ်ခရိုင်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ဒေသဖွံ့ဖြိုးရေးအခြေအနေများ ရှင်းလင်းတင်ပြပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများက ဌာန အလိုက်လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ  တင်ပြချက်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တနင်္သာရီတိုင်းဒေသကြီး‌နှင့် မြိတ်ခရိုင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသူ အဆင့်ဆင့်မှ မိမိတို့၏လုပ်ငန်းတာဝန်များကို အကောင်းဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန် လမ်း ညွှန်မှာကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တလာသန လှည်းဘီးပရိယတ္တိစာသင်တိုက် ဆရာတော်နှင့်အတူ ဂိုဏ်းပေါင်းစုံဆရာတော်များအား နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကျောင်း၌ သွားရောက်ဖူးမျှော်ကြည်ညိုခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်နှင့် တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဘ‌ဒ္ဒန္တနာရဒ တို့ထံမှ ဩဝါဒများ နာယူ၍  တိုင်းဒေသကြီး သာသနာရေးဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆရာတကာ လက်တွဲညီစွာဖြင့် ကြိုးပမ်းဆောင်ရွက် မည်ဖြစ်ကြောင်းလျှောက်ထားကာ ဆရာတော်များအား ဆွမ်းဆန်နှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ဆက် )