တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် မြိတ်မြို့ရှိ အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁၀)မှ သင်ကြားလေ့ကျင့်နေမှုများအား ကြည့်ရှုအားပေး

မြိတ်     မေ     ၈

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မေ(၈)ရက် မွန်းလွဲပိုင်းက  မြိတ်လေတပ်စခန်းဌာနချုပ်၌ ဖွင့်လှစ်လျက်ရှိသော အခြေခံလေကြောင်းလူငယ် သင်တန်းအမှတ်စဉ်(၁၀)မှ သင်တန်းသား/သင်တန်းသူများ သင်ကြားလေ့ကျင့်နေမှုများအား သွားရောက်ကြည့်ရှုအားပေးပြီး ချီးမြှင့်ငွေများပေးအပ်သည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကျောင်းသား/ကျောင်းသူလူငယ်မောင်မယ်များ  နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း အခြေခံလေကြောင်းဆိုင်ရာ ပညာရပ်များကို စိတ်ပါဝင်စားပြီး ကျွမ်းကျင်တတ်မြောက်စေရန်၊ ခေတ်မီနိုင်ငံ တော်တည်ဆောက်ရေးတွင် လေယာဉ်ပျံသန်းမှုဆိုင်ရာ ပညာရပ်များကို နားလည်သိရှိစေရန်၊ စိတ်ဓာတ်၊ စည်းကမ်း၊ ကိုယ်လက်ကြံ့ခိုင်မှုနှင့် စည်းလုံးညီညွတ်မှုရှိစေရန်ရည်ရွယ်၍  အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁၀) ကို ဧပြီ(၂၇)ရက်မှစ၍ ဖွင့်လှစ်ပြီး သင်ကြားလေ့ကျင့်ပေးလျက်ရှိရာ သင်ကြားလေ့ကျင့်နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့မှ သွားရောက်ကြည့်ရှုအားပေးသည်။

ထို့နောက် အခြေခံလေကြောင်းလူငယ်သင်တန်း လူငယ်မောင်မယ်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ် က လူငယ်များသည် နိုင်ငံတော်၏အနာဂတ်ဖြစ်သကဲ့သို့ တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အရေးပါသော အင်အားစုဖြစ်ကြောင်း၊ ယနေ့ခေတ်တွင် သိပ္ပံနှင့်နည်းပညာ၊ လေကြောင်းနှင့် အာကာသသိပ္ပံပညာဆိုင်ရာ နည်းပညာများသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကိုတိုင်းတာရာတွင် အရေးပါသည့်ကဏ္ဍများဖြစ် ကြောင်း၊ ထို့ကြောင့် လေကြောင်းပညာရပ်များကို စိတ်ပါဝင်စားစွာလေ့လာ သင်ယူနေကြသည့် လူငယ်များသည် တိုင်းဒေသကြီး အတွက်သာမက နိုင်ငံတော်အတွက်ပါ တန်ဖိုးရှိသည့်လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် မိမိတို့၏ရည်မှန်းချက်ကို ခိုင်မာစွာထားရှိပြီး ပညာကိုစဉ်ဆက်မပြတ် လေ့လာကြရန် လိုအပ်ကြောင်း၊ လေကြောင်းပညာရပ်သည် တိကျမှုနှင့်လုံခြုံမှုကို အခြေခံသော ပညာရပ်ဖြစ်သောကြောင့် ပေါ့ပေါ့တန်တန်မထားဘဲ အခြေခံကစပြီး သေချာနက်နဲစွာသင်ယူကြရမည်ဖြစ်ကြောင်း၊ သင်္ချာ၊ ရူပဗေဒ၊ အင်္ဂလိပ်စာ၊ ကွန်ပျူတာနှင့် နည်းပညာပညာရပ်များကိုလည်း အားဖြည့်လေ့လာကြရန် တိုက်တွန်းလိုကြောင်း၊ ထို့အပြင် လူငယ် များသည် စာပေဗဟုသုတသာမက ကိုယ်ကျင့်တရား ကောင်းမွန်မှု၊ နိုင်ငံချစ်စိတ်၊ ဒေသချစ်စိတ်၊ မိဘဆရာသမားများအပေါ် ကျေးဇူးသိတတ်မှုတို့ကိုလည်း ထိန်းသိမ်းမြှင့်တင်ကြရမည်ဖြစ်ကြောင်း၊ ပညာတတ်မြောက်မှုနှင့်အတူ စိတ်ဓာတ်ကောင်းမွန်မှုရှိမှသာ နိုင်ငံတော်နဲ့ပြည်သူများအတွက် အကျိုးပြုနိုင်သည့် လူကောင်းများအဖြစ် ပေါ်ထွန်းလာကြမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး  သင်တန်းသား/သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံသည်။ သင်တန်းကို သင်တန်းသား (၂၇)ဦး နှင့် သင်တန်းသူ (၂၄)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလအနေဖြင့် ဧပြီ(၂၇)ရက်မှ မေ(၂၉)ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကာ သင်တန်းကာလ တတိယအပတ်တွင် သင်တန်းသား လူငယ်မောင်မယ်များအား လေ့လာရေး ခရီးများ ပို့ဆောင်ခြင်း၊ သင်တန်းစခန်းပြိုင်ပွဲ  ဝင်ရောက်ယှဉ်ပြိုင်ခြင်းများ ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။

 ခိုင်ထူး ( ပြန်/ဆက် )