မိုးညို မေ ၈
ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးသည် မိုးညိုမြို့နယ်ရှိ ဌာနဆိုင်ရာများ၊ မြို့မိမြိုဖများနှင့် တွေ့ဆုံပွဲအခမ်းအနားကို မေ ၈ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ဦးစွာ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးက ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများအား တွေ့ဆုံရသည့်အတွက်ဝမ်းမြောက်ပါကြောင်း၊ ယခုလာရောက်ခြင်းသည် မိုးညိုမြို့နယ်၏ ဒေသဖွံ့ရေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ပေါင်းစပ်ညှိနှိုူင်း ဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်းနှင့် နိုင်ငံတော်အစိုးရမှ ရက်(၁၀၀)အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်ချက်များကို တင်ပြဆွေးနွေးနိုင်ရေး ပြောကြားသည်။
ထို့နောက် တက်ရောက်လာသူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ လမ်း၊ တံတား၊ အဆောက်အဦ အစရှိသည်တို့အား တင်ပြဆွေးနွေးခဲ့ရာ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇာခြည်လွင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညွန့်မင်းစိုး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖုန်းလွင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)