ဗန်းမောက်မြို့နယ်၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ အသက် (၈၅) နှစ်အထက် သက်ကြီးရွယ်အိုများအား ထောက်ပံ့

ဗန်းမောက်၊ ဇန်နဝါရီ ၁၆                                        

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ  ကိုဗစ် - ၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ မိသားစုစားဝတ် နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ အသက် (၈၅) နှစ် အထက် သက်ကြီးဘိုးဘွားများအား ရပ်ကွက်/ကျေးရွာများအတွင်းရှိ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့‌ နေ့လယ် (၂) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ရပ်ကွက်‌/ကျေးရွာအုပ်စုများရှိ အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွား များအား ပြန်လည် ထောက်ပံ့နိုင်ရန် အတွက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအေးမင်းထံသို့ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်‌အေးမော်က သက်ကြီးဘိုးဘွား ထောက်ပံ့ငွေကျပ် (၈၀၁၀၀၀၀)ကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဗန်းမောက်မြို့နယ် ရပ်ကွက်/ ကျေးရွာများရှိ အသက် (၈၅)နှစ် အထက်နှင့် အသက် (၁၀၀)ကျော်  သက်ကြီးရွယ်အိုများအား တစ်ဦးလျှင် သုံးသောင်းကျပ်ကို ဘိုးဘွား(၂၂၆) ဦးထံသို့ လည်းကောင်း၊ (၁၀၀) နှစ် အထက် ကိုဗစ်-၁၉ ရောဂါကာလအတွင်း စီးပွားရေးကုစားမှု အစီအစဥ်အရ သက်ကြီးဘိုးဘွား (၄) ဦးအား တစ်ဦးလျှင် ခြောက်သောင်းကျပ်ဖြင့် ကသာခရိုင်လူမှုဝန်ထမ်း ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်အေး မော်နှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နွယ်နွယ်ဝင်း၊ မြနန္ဒာရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများနှင့် တာဝန်ရှိသူများက အိမ်တိုင်ရာရောက်သွားရောက်၍ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျန်ရှိဘိုးဘွားများကိုပါ လက်ဝယ် အရောက် ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး ထံမှ သိရသည်။

 

ကျော်စွာ(ဗန်းမောက်)