ဝန်းသိုမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု "၀" ဥ စိုက်ပျိုးနည်းသင်တန်းဆင်း ပွဲပြုလုပ်

ဝန်းသို ဇန်နဝါရီ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အဆုံး အောင်းပင်အုပ်စု၊ လက်ပံကျင်း ကျေးရွာအခြေခံပညာ အလယ်တန်း ကျောင်း (ခွဲ)တွင် တောင်သူဦးကြီးများ တစ်နိုင်တစ်ပိုင် "၀"ဥ စိုက်ပျိုးထုတ် လုပ်နိုင်စေရန်နှင့် မိသားစုဝင်ငွေ တိုးပွား လာစေရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးကျင့်စဉ်ဆိုင်ရာ အကြောင်းအရာ များကို အသိပညာတိုးပွားရရှိစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု " ဝ"ဥ စိုက်ပျိုးနည်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ အသိပညာပေးသင်တန်းကို (၅)ရက်ကြာ ဖွင့်လှစ် သင်ကြားခဲ့ပြီးဖြစ်ရာ အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းသင်တန်းဆင်းပွဲအခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်ဝင်း၊ မြို့နယ်ကျေးလက်‌ဒေသ ဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးမြတ်မျိုးနှင့်ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေး ဦးစီး ဌာနတို့မှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး နှင့် ကျေးရွာ တာဝန်ခံများတက်ရောက်၍ သင်တန်းကာလ တစ်လျှောက် စာတွေ့လက်တွေ့သင်ကြားရာ၌ ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများ၊ သင်တန်းဆန်း စစ်မေးခွန်းလွှာ ဖြေဆိုရာတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများနှင့် သင်တန်းဆင်းလက်မှတ်များကို အသီးသီးပေး အပ်ချီးမြှင့်ခဲ့ ကြပြီး  သင်တန်းသား/ သင်တန်းသူများအား "၀"ဥမျိုး ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းတွင် "၀"ဥ စိုက်ပျိုးနည်း၊ EM ဘိုကာရှီမြေဆွေးပြုလုပ်နည်း၊ သဘာဝပိုးသတ်ဆေး လက်တွေ့ပြသခြင်း၊ မွေးမြူရေးအသိပညာများအဖြစ် မျိုးကောင်းမျိုးသန့် မွေးမြူခြင်းနှင့် တိုင်းရင်းကြက်မွေးမြူထုတ်လုပ်နည်း၊ GAHP (Good Animal Husbandry Practice) စသည့် သင်ခန်းစာများကို တာဝန် ရှိသူများက စာတွေ့လက်တွေ့သင်ကြားခဲ့ပြီး အောင်းပင်အုပ်စုအတွင်းရှိ အောင်းပင်၊ လက်ပံကျင်း၊ ဂွေးတောက်ကျင်း၊ ကွန်းပေါင်းကျေးရွာတို့မှ သင်တန်းသား၊ သင်တန်းသူ ၄၀ ဦးတို့က စိတ်ပါဝင်စားစွာ တက်ရောက်သင်ကြားခဲ့ကြကြောင်း သိရသည်။

ကျော်မြိုင် (ပြန်/ဆက်)