ကြံခင်းမြို့၊ ရွှေတောင်ကျောင်းတိုက်ရှိ ဗောဓိညောင်ပင်၌ ညောင်ရေသွန်းပွဲနှင့် စတုဒီသာနိဗ္မာန်ဈေးပွဲတော်ကျင်းပ

ကြံခင်း     ဧပြီ   ၃၀

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် ကြံခင်းမြို့နယ်လုံးဆိုင်ရာ ရွှေတောင်ကျောင်းတိုက် ပုရဝဏ်ရှိ မဟာဗောဓိညောင်ပင်၌ ညောင်ရေသွန်းပွဲ အခမ်းအနားကို ယနေ့ ညနေ ၄ နာရီအချိန်တွင် ပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက် သွန်းလောင်းကြခဲ့သည်။

မြတ်စွာဘုရားရှင် သဗ္ဗညုတဉာဏ်တော်ကိုရရှိပြီး ဘုရားဖြစ်တော်မူသော မဟာဗောဓိ ညောင်ပင်တော်ကို ပရိဘောဂစေတီအဖြစ်အာရုံပြု၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ဦးကျော်မင်းထက်နှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်မင်းဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးပိုင်နှင့် ဦးပြည့်ဖြိုးအောင်၊ ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖ များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများက ဗောဓိညောင်ပင်ရင်းသို့ စုပေါင်း၍ ညောင်ရေသွန်းလောင်းကြသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များသည် စေတနာရှင် ခုနှစ်ရက်သားသမီးများ စုပေါင်းလှူဒါန်းသော နိဗ္ဗာန်ဈေးပွဲတော်အား လှည့်လည်ကြည့်ရှုအားပေးကြသည်။ အလားတူ ဘက်ရဲ မြို့၌ မြို့အုပ်ချုပ်‌ရေးမှူး ဦးအောင်ကိုကို ဦးဆောင်၍ ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ညောင်ရေသွန်းပွဲ ကျင်းပခဲ့ကြသည်။

ကြံခင်းမြို့နယ်အတွင်းရှိ ပေါ်ရက်ကွက်များနှင့် ကျေးရွာ/အုပ်စုများတွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲများနှင့် စတုဒိသာ ထမင်း၊ အချိုရည်အမျိုးမျိုး၊ မြန်မာမုန့်မျိုးစုံ တို့ကို စေတီပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ကုသိုလ်ပြုလှူဒါန်း လျက်ရှိကြကြောင်း သိရ သည်။

ဖြိုးဝေလင်း(ပြန်/ဆက်)