ကြို့ပင်ကောက် မေ ၈
စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းသည် ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ် အောင်ပင်သာကျေးရွာအုပ်စု ကြံတောစု ကျေးရွာတောင်သူများ၏ အောင်နိုင်တိုး နွေစပါး ဧက ၃၀ စံပြကွက်တွင် ယနေ့နံနက်ပိုင်းက ပိုက်ဆံလျော်မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်ပြီး တောင်သူများအား ပိုက်ဆံလျော်မျိုးစေ့များ ပေးအပ်ခဲ့သည်။
ပိုက်ဆံလျှော်မျိုးစေ့ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ပွဲတွင် ဒုတိယဝန်ကြီးက တောင်သူများနှင့်တွေ့ဆုံ၍ နွေစပါးအထွက်နှုန်း ပိုမိုကောင်းမွန်စေရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ မိုးစပါးမစိုက်ပျိုးမီ ပိုက်ဆံလျှော်စိုက်ပျိုးနိုင်ရေး၊ ပိုက်ဆံလျှော်မြေခံစိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းကောင်းမွန်စေရေး၊ စိုက်ပျိုးသီးနှံများအား ဈေးကွက်ဝယ်လိုအားရှိသော သီးနှံမျိုးကိုသာစိုက်ပျိုးရန်၊ မြေပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ရန်၊ ဓါတ်မြေဩဇာများကိုလည်း လိုအပ်မှသာ အသုံးပြုကြရန်နှင့် ပိုးသတ်ဆေးများလျော့ချအသုံးပြုကြရန် ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တောင်သူများ၏တင်ပြသော စိုက်ပျိုးရေးလုပ်ငန်း အခက်အခဲများကို သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးပြီး ဒုတိယဝန်ကြီးက ပိုက်ဆံလျှော်မျိုးစေ့များကို တောင်သူများထံပေးအပ်ခဲ့ပြီး မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝမြေဩဇာများ စုပေါင်းကြဲပက်ခြင်းကို ကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။
ဇေယျာထွန်း (ကြို့ပင်ကောက်)